ဆူဒန်နိုင်ငံမှာ ပြည်တွင်းစစ်တွေ ဆက်ဖြစ်ပွားနေတာကြောင့် ဆူဒန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုကို နောက်ထပ် တနှစ် သက်တမ်းတိုးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက စက်တင်ဘာ ၁၁ ရက်မှာ တညီတညွတ်တည်း မဲခွဲ ဆုံးဖြတ်လိုက်ပါတယ်။
ပိုင်ဆိုင်မှုတွေ အေးခဲထားခြင်းနဲ့ ခရီးသွားလာမှု တားမြစ်ခြင်း စတဲ့ ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုတွေနဲ့ လက်နက်ရောင်းချမှု အပါအဝင် ဆူဒန်ပိတ်ဆို့အရေးယူမှု ဆုံးဖြတ်ချက် ၁၅၉၁ ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်အထိ သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။
ဒီသက်တမ်းတိုးခြင်းဟာ ပဋိပက္ခဇုန်အတွင်းကို တရားမဝင်လက်နက်တွေ ဝင်ရောက်ခြင်းမှ တားဆီးဖို့နဲ့ တင်းမာမှုတွေကို ဖြေလျှော့ဖို့ ရည်ရွယ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်း ကိုယ်စားလှယ်တိုင်းပင်းက ပြောကြားခဲ့ပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ နိုင်ငံတကာအသိုက်အဝန်းရဲ့ မျှော်မှန်းချက်နဲ့ ကုလသမဂ္ဂရဲ့ တာဝန်တွေနဲ့ ကိုက်ညီကြောင်းလည်း သူက ဆိုပါတယ်။
ဆူဒန်နိုင်ငံမှာ ပြည်တွင်းစစ် မီးတောက်တွေ၊ သဘာဝဘေးအန္တရာယ်တွေနဲ့ ရောဂါဆိုးတွေကို ကြုံတွေ့နေရတာကြောင့် နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း တွေဟာ ဆက်တိုက်ဆိုသလို ဆိုးရွားလာခဲ့တာပါ။
ဆူဒန်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ ပြီးခဲ့တဲ့ တစ်နှစ်ခွဲအတွင်း ရပ်တန့်သွားမယ့် အရိပ်အယောင် မရှိဘူးလို့ တိုင်းပင်းက အလေးပေးပြောကြားခဲ့ပါတယ်။
အဖွဲ့ဝင်နိုင်ငံအားလုံးဟာ ဒီဆုံးဖြတ်ချက်ကနေ ချမှတ်ထားတဲ့ လက်နက်ရောင်းချခွင့် ပိတ်ပင်မှုကို လိုက်နာသင့်ပြီး ဆူဒန်မှာ အပစ်အခတ်ရပ်စဲရေးကို တက်ကြွစွာ မြှင့်တင်သင့်ကြောင်း သူက ပြောပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ပဋိပက္ခဖြစ်နေတဲ့အဖွဲ့တွေအကြား အပြန်အလှန် ဆွေးနွေးမှု အဆင်ပြေချောမွေ့ရေး၊ နိုင်ငံရေးအရ အဖြေရှာပေးရေးနဲ့ ပဋိပက္ခတွေ ပိုမိုဆိုးရွားလာမှု ကနေ ကာကွယ်ဖို့အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ရာမှာ ဆူဒန်ကို ကူညီပေးဖို့တွေကို အလေးထား ပြောသွားပါတယ်။
Source-Reuters