စပါးအသင်းနဲ့ပွဲစဉ်မှာ တရားမျှတမှုမရှိတဲ့ ဆုံးဖြတ်ချက်တွေကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရကြောင်း လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ဝေဖန်သွားပါတယ်။
လီဗာပူးအသင်းဟာ စပါးနဲ့ ပွဲစဉ် ပထမပိုင်းမှာရရှိတဲ့ လူးဝစ်ဒီယက်ဇ်ရဲ့ ဂိုးပယ်ဖျက်ခံခဲ့ရသလို ကစားသမားနှစ်ဦးအထိ အနီကတ်ပြ ထုတ်ပယ် ခံခဲ့ရတာပါ။
ပွဲချိန် မိနစ် ၂၀ ကျော် နှစ်ယောက်လျော့နဲ့ ကစားခဲ့ရပြီး ပွဲပြီးခါနီးမှ နောက်ခံလူ မာတစ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် စပါးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။
နည်းပြကလော့ပ်ကတော့ ဒီပွဲစဉ်လောက် တရားမျှတမှုမရှိတဲ့ အခြေအနေနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခံရတာကို တစ်ကြိမ်တစ်ခါမှ မတွေ့ခဲ့ဖူးကြောင်း၊ အနီကတ်ပြစ်ဒဏ်တွေဟာလည်း မှားယွင်းကြောင်း ကလော့ပ်က ပြောပါတယ်။
လူကျွံဘောသတ်မှတ်ခံရတဲ့ ဂိုးဟာလည်း လူကျွံစည်းမျဉ်းကို မှားယွင်းဆွဲပြီး ဆုံးဖြတ်ခဲ့ တာဖြစ်ကြောင်း ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကို လက်ခံနိုင်ဖို့ အလွန်ခက်ခဲကြောင်း ပွဲအပြီးမှာ ဝေဖန်သွားခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters