နိုင်ငံ့ဝန်ထမ်းတွေကို အပိုထောက်ပံ့ကြေး တလကို ကျပ် ၃၀,၀၀၀ နဲ့ ဌာနဆိုင်ရာ နေ့စားဝန်ထမ်းတွေကို တရက် ကျပ် ၁,၀၀၀ ပေးမယ်လို့ စစ်ကောင်စီက စက်တင်ဘာ ၃၀ ရက် ဒီနေ့မှာ ကြေညာပါတယ်။
နိုင်ငံအတွင်း တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းတွေရဲ့ စားဝတ်နေရေး သက်သာချောင်လည်စေဖို့အတွက် လက်ရှိ လစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တလကို ကျပ် ၃၀,၀၀၀ နှုန်းနဲ့ လစဉ် ခံစားခွင့်ပြုမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူ အစိုးရဌာနတွေနဲ့ အဖွဲ့အစည်းတွေက နေ့စားလုပ်သားတွေရဲ့ လုပ်ခကိုလည်း အလုပ်ချိန် တနေ့ ၈ နာရီအတွက် လက်ရှိသတ်မှတ်ထားတဲ့ လုပ်ခ ကျပ် ၄,၈၀၀ အပေါ်မှာ အပိုထောက်ပံ့ကြေးအဖြစ် ကျပ် ၁,၀၀၀ တိတိ ထပ်မံ ခံစားခွင့်ပြုမှာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။
အပိုထောက်ပံ့ကြေးခံစားခွင့်ပြုမယ့် ကိစ္စရပ်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း အမိန့်ကြေညာစာ ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အခုလို ဝန်ထမ်းတွေကို ထောက်ပံ့ကြေးတိုးပေးတာမှန်ပေမယ့် ကုန်စျေးနှုန်းကြီးတာနဲ့ လစာက မလုံလောက်ကြသလို ကုန်စျေးနှုန်းလည်း ထပ်မံကြီးမြင့်ဒဏ်ကို ခံစားနေရတယ်လို့ အစိုးရဝန်ထမ်းတယောက်ကပြောပါတယ်။
ဌာနဆိုင်ရာ နေ့စားဝန်ထမ်းတွေအနေနဲ့က တရက်ကို လုပ်ခ ၄,၈၀၀ ကျပ်ကနေ ၅,၈၀၀ ကျပ် တိုးမြှင့်ရရှိသွားမှာဖြစ်ပေမယ့် လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိက အနိမ့်ဆုံး လုပ်ခလစာတွေက အထည်ချုပ်စက်ရုံတချို့ တရက်လုပ်ခ ၄,၈၀၀ ကျပ်နဲ့ သတ်မှတ်ပေးထားပါတယ်။