နာဂေါနို-ကရာဘာ ဒေသကနေ အာမေးနီးယားကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ လူပေါင်း ၈၈,၀၀၀ ကျော် ရှိသွားပြီဖြစ်ပြီး စုစုပေါင်း ၁ သိန်း ၂ သောင်းလောက်ထိ ရှိလာနိုင်ကြောင်းနဲ့ ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီအနေနဲ့ အဲဒီလူတွေကို ကူညီနိုင်ဖို့ အသင့်ပြင်ထားတယ်လို့ ကုလဒုက္ခသည် အေဂျင်စီမှ တာဝန်ရှိသူတဦးက စက်တင်ဘာလ ၂၉ ရက်မှာ ပြောပါတယ်။
အဲဒီအရေအတွက်ဟာ ပြီးခဲ့တဲ့အပတ်က အဇာဘိုင်ဂျန်ကနေ ပြန်လည်သိမ်းပိုက်ခဲ့တဲ့ ခွဲထွက်ဒေသရှိ လူဦးရေအကုန်လုံးနီးပါးနဲ့ ကိုက်ညီတဲ့ အရေအတွက်လည်း ဖြစ်ပါတယ်။
အာမေးနီးယားရှိ UNHCR ကိုယ်စားလှယ် ကာဗီတာ ဘယ်လာနီဟာ မှတ်ပုံတင်ဌာနတွေမှာ မောပန်းပြီး ထိတ်လန့်နေတဲ့ လူအုပ်ကြီး စုဝေးနေကြပုံ ဗွီဒီယိုလင့်ခ်နဲ့ ကုလသမဂ္ဂ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒုက္ခသည် ၃ ပုံ ၁ ပုံ နီးပါးဟာ ကလေးသူငယ်တွေ ဖြစ်ကြကြောင်း ယူနီဆက်ဖ်မှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ရီဂျီနာ ဒီ ဒေါမနစ်က ပြောပါတယ်။
ဒုက္ခသည်တွေအတွက် စိတ်ကျန်းမာရေး ပံ့ပိုးမှု ကြီးကြီးမားမား လိုအပ်နေကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ ကိုယ်စားလှယ် ဟိုင်ချမ် ဒိုက်ယဘ် က ပြောဆိုပါတယ်။
လောင်စာဆီဆိုင် ပေါက်ကွဲမှုနဲ့ မကြာသေးခင်က တိုက်ပွဲတွေကြောင့် သေဆုံးခဲ့ရတဲ့ ကရာဘတ်မြို့မှ ရုပ်အလောင်း ၂၀၀ လောက်ကို စက်တင်ဘာ ၂၈ ရက်မှာ လွှဲပြောင်းပေးခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်မှုမန်နေဂျာ ကားလော့စ် မိုရဇ်ဇာနီ က ပြောကြားခဲ့ပါတယ်။
ကုလအေဂျင်စီအနေနဲ့ ရှေ့ဆက်ပြီးတော့ ကျန်ရစ်သူတွေကို အခြေခံအစားအစာနဲ့ တကိုယ်ရေ သန့်ရှင်းမှု ဆိုင်ရာပစ္စည်းတွေကို အကူအညီပေးဖို့ အာရုံစိုက် လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
Source/Photo-Reuters