Home
မြန်မာသတင်း
ရွှေတိဂုံစေတီတော် နိုင်ငံခြားသားဝင်ကြေး ၂ ဆ‌တိုး
DVB
·
September 30, 2023
384196202_291544646954442_8925143983536588206_n

ရန်ကုန်၊ ရွှေတိဂုံစေ‌တီတော်မှာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့က စတင်ပြီး နိုင်ငံခြားသားဧည့်သည်ဝင်‌ကြေးကို လက်ရှိနှုန်းထားရဲ့ ၂ ဆတိုးမြှင့် ပြောင်းလဲ ကောက်ခံသွားမယ်လို့ ရွှေတိဂုံစေတီ‌တော် ဂေါပကအဖွဲ့က ထုတ်ပြန်ပါတယ်။ 

စေတီတော်ကို တက်ရောက်မယ့် နိုင်ငံခြားသားဧည့်သည် ၁ ယောက်ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလက ကျပ်ငွေ ၁၀,၀၀၀ ပဲ သတ်မှတ်ကောက်ခံခဲ့ပေမဲ့ စစ်ကောင်စီလက်ထက်မှာ ကျပ်ငွေ ၂၀,၀၀၀ အထိ တိုးမြှင့်ကောက်ခံမှာ ဖြစ်ပါတယ်။ 

ရန်ကုန်မြို့က ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတယောက်က “ပြည်တွင်းခရီးသွားတွေ အပေါ်မှာ‌တော့ မဟုတ်ပါဘူး၊ နိုင်ငံခြားသားတွေပေါ်မှာ ကောက်ခံမှာ။ ၁၀ လပိုင်းက စပြီး တသောင်းကနေ နှစ်သောင်းဖြစ်သွားတာပါ၊ နိုင်ငံတကာမှာတော့ အမွေအနှစ်‌‌နေရာဆို ဝင်ကြေးတွေ ရှိပါတယ်၊ ဒီနှစ်ပိုင်း အများဆုံးလာတာက တရုတ်နဲ့ ထိုင်းက ဧည့်သည်တွေ များတယ်။ ဥရောပဘက်က ဧည့်သည်တွေ တော်တော်နည်းသွားတယ်၊ အရင်က ဧည့်ဝင်‌ကြေး တိုးကောက်တော့မယ်ဆိုရင် Travel and Tour တွေကို ကြိုအသိပေးတာမျိုး ရှိတယ်။ အခု အဲလိုမျိုးတော့ မရှိဘူး။ ပုဂံဇုန်လည်း ၃ သောင်း ဖြစ်သွားပြီ” လို့ ပြောပါတယ်။ 

စေတီတော် ဝေယျာဝစ္စဝန်ထမ်းတွေရဲ့ ပြောပြချက်အရ နိုင်ငံခြားငွေလဲနှုန်း အခြေအနေတွေကြောင့် နိုင်ငံခြားဧည့်သည်ဝင်ကြေး တိုးမြှင့်ကောက်ခံတာဖြစ်ပြီး ဧည့်ဝင်ကြေးတွေကို ကောင်တာက မှန်ပုံးထဲ ထည့်ရတဲ့စနစ် အသုံးပြုနေတာဖြစ်ကာ ကင်မရာနဲ့ ဓာတ်ပုံ ဗီဒီယိုရိုက်ကူးတာအတွက်တော့ သီးသန့်ထပ်ပေးရမှာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့မှာပဲ မန္တလေးတိုင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ရဲ့ နိုင်ငံခြားသားဧည့်သည်ဝင်ကြေးကို တယောက် ကျပ် ၂၅,၀၀၀ ကနေ ကျပ် ၃၀,၀၀၀ အထိ တိုးမြှင့်ကောက်ခံမှာဖြစ်ပြီး လည်ပတ်ခွင့် ၅ ရက်အထိပေးရာကနေ ၃ ရက် (၇၂ နာရီ)အထိ လျှော့ချမယ်လို့ ပုဂံ၊ ရှေးဟောင်းသုတေသနဦးစီးဌာနက အသိပေးထား ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013