ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ ရုရှားတပ်တွေကို တန်ပြန်တိုက်ခိုက်ရာမှာ တဖြည်းဖြည်း မြေပြင်ကို ပြန်လည်ရရှိလာပြီဖြစ်ကြောင်း နေတိုးအတွင်းရေးမှူးချုပ် ယန်းစ် စတော့တန်ဘာ့ဂ်က စက်တင်ဘာ ၂၈ ရက်မှာ ပြောကြားလိုက်ပါတယ်။
နေတိုးအတွင်းရေးမှူးချုပ်ဟာ ကိယက်ဗ်ကို မကြေညာထားဘဲ ရောက်လာခဲ့တာဖြစ်ပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။
စတော့တန်ဘာ့ဂ်က“ယူကရိန်းတပ်တွေက ရှေ့ကိုတိုးလာနေပြီး ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့ ရင်ဆိုင်ရပေမဲ့ တဖြည်းဖြည်းနဲ့ မြေပြင်ကို စိုးမိုးနေပြီး ယူကရိန်းတပ်တွေ ပြန်ရရှိနေတဲ့ မီတာတိုင်းဟာ ရုရှားက ရှုံးနေတဲ့ မီတာတွေဖြစ်တယ်” လို့ ပြောပါတယ်။
ပြင်းထန်တဲ့ ခြားနားချက်တခုကတော့ ယူကရိန်းနိုင်ငံသားတွေဟာ သူတို့ရဲ့မိသားစုတွေ၊ သူတို့ရဲ့အနာဂတ်၊ သူတို့ရဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေကြတာဖြစ်ပြီး မော်စကိုကတော့ နယ်ချဲ့တို့ရဲ့ လှည့်စားမှုတွေအတွက် တိုက်ပွဲဝင်နေကြတာလို့ နေတိုးအကြီးအကဲက ပြောပါတယ်။
အခုအခါ နေတိုးအဖွဲ့ဟာ အတည်ပြုထားပြီးသား ယူရို ၁ ဘီလီယံ အော်ဒါတွေ အပါအဝင် ယူရို ၂ ဒသမ ၄ ဘီလီယံ တန်ဖိုးရှိ အဓိကအရေးပါတဲ့ ခဲယမ်းမီးကျောက်တွေအတွက် လက်နက်ကုမ္ပဏီတွေနဲ့ ကျယ်ပြန့်ပြည့်စုံတဲ့ မူဘောင်စာချုပ်တွေကို ချုပ်ဆိုထားပြီး ဖြစ်ကြောင်း စေတာ့တန်ဘာ့ဂ်က ကြေညာခဲ့ပါတယ်။
အဲဒီပစ္စည်းတွေထဲမှာ ၁၅၅ မီလီမီတာ အမြောက်တွေ၊ တင့်ကားဖျက် ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပင်မတိုက်ပွဲဝင် တင့်ကားကျည်ဆန်တွေလို အပြည့်အစုံ ပါဝင်မယ်လို့လည်း ဆိုပါတယ်။
စစ်ပွဲမှာ အဓိကကျတဲ့အချက်အနေနဲ့ ယူကရိန်းကို ခဲယမ်းမီးကျောက်တွေ ဆက်လက်ထောက်ပံ့ပေးနေမှာဖြစ်ပြီး သိုလှောင်မှုတွေ ကုန်ခန်းခါနီးရင် နေတိုးအဖွဲ့ဝင်တွေကို ထပ်မံဖြည့်တင်းခွင့် ပြုထားကြောင်းလည်း စာချုပ်ထဲမှာ ပါဝင်ပါတယ်။
စတော့တန်ဘာ့ဂ်ဟာ နေတိုးအဖွဲ့ဝင် ရိုမေးနီးယားနဲ့ ယူကရိန်းနယ်စပ် အနီးမှာ ရုရှားရဲ့ တိုက်ခိုက်မှုကိုလည်း ရှုတ်ချခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ ရိုမေးနီးယားကို တမင်သက်သက် တိုက်ခိုက်တာဖြစ်တယ်လို့ သက်သေအထောက်အထား မရှိပေမဲ့လည်း ဒါဟာ အဆင်အခြင်မဲ့ပြီး မတည်မငြိမ်ဖြစ်အောင် လုပ်တာလို့လည်း တံဆိပ်ကပ် ပြောဆိုလိုက်ပါတယ်။
Source/Photo-Reuters