ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်မှာ စက်တင်ဘာ ၂၉ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၅၂ ဦးသေဆုံးကာ နောက်ထပ် ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ ကျန်းမာရေးတာဝန်ရှိသူရဲ့ အတည်ပြုချက်အရ သိရပါတယ်။
ဒီပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဘာသာရေးဆိုင်ရာ စုဝေးနေရာအနီးမှာ လူတွေရပ်နေကြသလို အရေးပေါ်တုံ့ပြန်ရေးယာဉ်တွေ အနီးမှာလည်း လူစုဝေးနေတာကို သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ ပြည်တွင်းမီဒီယာတွေရဲ့ ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။
ရိုက်တာသတင်းဌာနကတော့ ဒီဗီဒီယိုရဲ့ တည်နေရာကို ရှာဖွေနိုင်ခဲ့ပေမဲ့လည်း ဘယ်အချိန်မှာ ရိုက်ကူးခဲ့တယ် ဆိုတာကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
ဒီပေါက်ကွဲမှုဟာ အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်နိုင်တယ်ဆိုပြီး ဒေသဆိုင်ရာ အကြီးတန်းရဲအရာရှိတဦးက မှတ်ချက်ပေးပါတယ်။
ဒါ့အပြင် ဒုတိယရဲမှူးကြီးတဦးရဲ့ ယာဉ်အနီးမှာ ဒီဗုံးခွဲသူက သူ့ကိုယ်သူ ဖောက်ခွဲပစ်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အခုလို ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းတခုရဲ့ တာဝန်ခံ ပြောဆိုမှုမျိုး မရှိသေးပါဘူး။
ဒါဟာ ပါကစ္စတန်အနောက်ပိုင်းမှာ စစ်သွေးကြွအဖွဲ့တွေရဲ့ တိုက်ခိုက်မှုလှိုင်း မြင့်တက်နေချိန်လည်း ဖြစ်ပါတယ်။
လာမယ့်နှစ်ရဲ့ ဇန်နဝါရီလမှာ အမျိုးသားရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်သွားဖို့ စီစဉ်ထားတာကြောင့် ဒီပေါက်ကွဲမှုက လုံခြုံရေးတပ်ဖွဲ့တွေကို တပ်လှန့်ရာရောက်ခဲ့တယ်ဆိုပြီး ဖော်ပြထားပါတယ်။
Source/Photo-Reuters