Home
နိုင်ငံတကာ
ပါကစ္စတန်တွင် ခွဲထွက်ရေးစစ်သွေးကြွ တိုက်ခိုက်မှုကြောင့် လူပေါင်း ၇၀ ကျော် သေဆုံး
DVB
·
August 27, 2024
Photo - Reuters

ပါကစ္စတန်နိုင်ငံ၊ ဘာလိုချီစတန်ပြည်နယ်မှာ ခွဲထွက်ရေးစစ်သွေးကြွတွေက ရဲစခန်းတွေ၊ မီးရထားလိုင်းတွေနဲ့ အဝေးပြေးလမ်းတွေကို တိုက်ခိုက်ခဲ့ချိန်မှာ လုံခြုံရေးတပ်ဖွဲ့တွေကလည်း လက်တုံ့ပြန် စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့တာကြောင့် အနည်းဆုံး လူပေါင်း ၇၃ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ဩဂုတ် ၂၆ ရက်မှာ ပြောပါတယ်။

အဓိက အဝေးပြေးလမ်းမကြီးပေါ်ရှိ ဘတ်စ်ကားတွေနဲ့ ကုန်တင်ကားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ အကြီးဆုံးတိုက်ခိုက်မှုတွေအပြီးမှာ ရဲနဲ့ စစ်သား ၁၄ ယောက်နဲ့ စစ်သွေးကြွ ၂၁  ယောက် သေဆုံးခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ပြောပါတယ်။ 

အရပ်သား ၃၈ ယောက်လည်း သေဆုံးခဲ့ကြောင်း ဘာလိုချီစတန်ပြည်နယ် ၀န်ကြီးချုပ်က ပြောကြားပါတယ်။ 

ပြည်ထဲရေးဝန်ကြီး မိုဆင်းနက်ခ်ဗီက ဒီတိုက်ခိုက်မှုကို ဘယ်သူက စီစဉ်ပြီး နောက်ကွယ်မှာ ဘယ်သူပါလဲ ဆိုတာကို ကောင်းကောင်း သိရှိထားပြီး ဒါတွေကို သေချာအစီအစဉ် ဆွဲပြီးတော့မှ တနေ့တည်းမှာ လုပ်ဆောင်ခဲ့တာလို့ ပြောဆိုပါတယ်။

ခေါင်းဆောင်ပိုင်းက အင်အားအပြည့်နဲ့ တုံ့ပြန်ဖို့ ဆုံးဖြတ်ထားပြီး ဘာလိုချီစတန်အစိုးရနဲ့ ညှိနှိုင်းပြီးတော့ သူတို့ရဲ့ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနေတယ်လို့လည်း ပြောပါတယ်။ 

ဘာလိုချီစတန် အကြီးအကဲ ဆာဖှရက်ဇ်ဘွတ်ဂ်တီက သူတို့ပြည်နယ်မှာ ကီလိုမီတာ ထောင်နဲ့ချီတဲ့ အဝေးပြေးလမ်းတွေရှိပြီး လက်နက်ကိုင်တွေဟာ နာရီဝက်၊ မိနစ် ၄၀ လောက်အတွင်းမှာ အဝေးပြေးလမ်းတွေဆီကို ရောက်လာပြီး ခရီးသည်တွေရဲ့ ID ကတ်တွေကို စစ်ဆေးပြီးနောက်မှာသူတို့ထဲက လူအတော်များများကို မီတာ ၁၀၀၊ ၂၀၀ လောက် အကွာအဝေးကို ခေါ်သွားပြီး ရက်ရက်စက်စက် (အာဇာနည်ပြု) သတ်ပစ်လိုက်တာလို့ ပြောပါတယ်။

လူတွေကို ပစ်ခတ်ခဲ့ပြီး မော်တော်ယာဉ်တွေကိုလည်း မီးတင်ရှို့ခဲ့ပြီးနောက်မှာ လမ်းပေါ် တိုက်ခိုက်မှုအတွင်း ခရီးသည်တွေထဲက ၂၃ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ဘာလို့ချ် လွတ်မြောက်ရေးတပ်ဖွဲ့ (BLA) လက်နက်ကိုင် စစ်သွေးကြွအဖွဲ့ဟာ ဟာရုဖှ်လို့ ခေါ်တဲ့ လေပြင်းမုန်တိုင်း စစ်ဆင်ရေးကို သူတို့လုပ်တာဖြစ်ကြောင်း တာဝန်ခံ ပြောဆိုပါတယ်။

အာဏာပိုင်တွေက အတည်မပြုရသေးတဲ့ နောက်ဆုံးနေ့မှာ တိုက်ခိုက်မှုတွေ ထပ်ပြီး ဖြစ်ပွားခဲ့တယ်လို့ သတင်းထောက်တွေကို ကြေညာချက် ထုတ်ပြန်ပါတယ်။

တောင်ပိုင်းဆိပ်ကမ်း ခရိုင်ဂွာဒါမှ အမျိုးသမီးတယောက်အပါအဝင် အသေခံဗုံးခွဲသူ ၄ ယောက်ဟာ ဘီလာအရန်အစောင့်တပ်စခန်းကို တိုက်ခိုက်မှုမှာ ပါဝင်ခဲ့ကြောင်းလည်း အဲဒီအဖွဲ့က ပြောကြားခဲ့ပါတယ်။

အသေခံဗုံးခွဲတိုက်ခိုက်မှုတွေကို ပါကစ္စတန် အာဏာပိုင်တွေက အတည်မပြုပေမဲ့ အဲဒီအခြေစိုက်စခန်းမှာ လူ ၃ ယောက် သေဆုံးခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ဆင်းရဲမွဲတေမှု ပေါများနေတဲ့ ပြည်နယ်ရှိ သဘာဝဓာတ်ငွေ့နဲ့ ဓာတ်သတ္တုအရင်းအမြစ်တွေကို မမျှမတ အသုံးချနေတဲ့ ဗဟိုအစိုးရကို တိုက်ခိုက်နေတဲ့ တိုင်းရင်းသား သောင်းကျန်းသူအဖွဲ့တွေထဲမှာ ဘာလို့ချ် လွတ်မြောက်ရေးတပ်ဖွဲ့ (BLA) ဟာ အကြီးမားဆုံးဖြစ်ပါတယ်။ 

BLA တပ်ဖွဲ့ကို တရုတ်ကို နှင်ထုတ်ချင်နေပြီး ဘာလိုချီစတန်အတွက် လွတ်လပ်ရေးကို လိုလားနေတာ ဖြစ်ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024