ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား ၂ ရပ်ကွက်၊ အင်းယားမြိုင်လမ်းရှိ လူနေ နှစ်ထပ်တိုက်မှာ စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး သားအမိ ၂ ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မီးလောင်မှုကို မနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က သတင်းရရှိခဲ့တာကြောင့် အနောက်ပိုင်းခရိုင်မီးသတ်၊ စမ်းချောင်း၊ လှိုင်၊ အလုံ၊ ကမာရွတ်မြို့နယ်တို့က မီးသတ်ကားတွေနဲ့ အရပ်ဘက်ကယ်ဆယ်ရေးအသင်းတွေက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြတာ ဖြစ်ပါတယ်။
မီးလောင်မှုဟာ လူနေ ၂ ထပ်တိုက်ရဲ့ အပေါ်ထပ် လှေကားနေရာရှိ ပစ္စည်းတွေကနေ စတင်ခဲ့ရာမှ အပေါ်တထပ်လုံးနဲ့ အိမ်သုံးပစ္စည်းတွေ မီးလောင်ပျက်စီးသွားပါတယ်။
မြို့ခံကယ်ဆယ်ရေးအသင်းဝင်တဦးက “အိမ်လှေကားနားက စလောင်တာလို့ ပြောတယ်။ ဆုံးသွားတာက အဘွားတဦးနဲ့ သူ့သမီးပါ။ အိမ်မီးလောင်တော့ သူနာပြုတွေလည်း ရှိတယ်။ သူတို့က ဘာမှ မဖြစ်ဘူး။ လောလောဆယ် မီးသတ်နဲ့ ရဲတွေ စစ်နေတယ်” လို့ ပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိစစ်ဆေးချိန်မှာ အပေါ်ထပ်အခန်းထဲ သေဆုံးနေတဲ့ အသက် ၆၀ ကျော် အမျိုးသမီးတယောက်ရဲ့ ရုပ်အလောင်းနဲ့ သူ့ရဲ့သမီးတော်စပ်သူ အမျိုးသမီး ရုပ်အလောင်းတခုကိုပါ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
မီးလောင်ရတဲ့အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့က စစ်ဆေးတွက်ချက်နေဆဲဖြစ်ပြီး မနက် ၁၀ နာရီ ၃၃ မိနစ်မှာ မီးထိန်းနိုင်ကာ မနက် ၁၀ နာရီ ၃၆ မိနစ်လောက်မှာ မီးငြိမ်းသွားပါတယ်။