Home
မြန်မာသတင်း
မြိုင်၊ ပခုက္ကူနှင့် ရေစကြိုမြို့နယ်တို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၇ ဦး ဒဏ်ရာရ
DVB
·
September 29, 2023
382333695_343319104821179_3277265197844087809_n

မကွေးတိုင်း မြိုင်၊ ပခုက္ကူနဲ့ ရေစကြိုမြို့နယ်တို့မှာ စက်တင်ဘာ ၂၈ ရက်က စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံရပြီး ၇ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖကနေ သိရပါတယ်။

ပခုက္ကူမြို့ဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီရဲ ခြေလျင်စစ်ကြောင်းကို စက်တင်ဘာ ၂၈ ရက် မနက် ၉ နာရီကျော်လောက်က မြိုင်မြို့နယ် ညောင်တွင်းရွာနားမှာ ဒရုန်းနဲ့ Drop ဗုံး ၄၅ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့တာလို့ မြိုင်ပကဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၆ ယောက် ဒဏ်ရာရရှိခဲ့ပြီး ညနေ ၃ နာရီလောက်မှာ ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်သားတွေ ပခုက္ကူဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပခုက္ကူ တပ်မ ၁၀၁ ကနေ ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်း အစီး ၆၀ လောက်ကို စက်တင်ဘာ ၂၈ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်လောက်က ပခုက္ကူ-ကမ္မ ကားလမ်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်လက်နက်ပစ္စည်းနဲ့ ရိက္ခာတွေတင်လာတဲ့ ကားတစီးရပ်တန့်သွားပြီး အဲဒီကားနောက်မှာ လိုက်ပါလာတဲ့ ကားအစီ ၃၀ လောက်ပါ ဆက်မထွက်နိုင်ကြောင်း၊ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူရှိနိုင်တယ်လို့ ဆိုပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်တွေနဲ့ လမ်းဘေးဝဲယာတွေကို ပစ်ခတ်တာကြောင့် ပခုက္ကူ-ကမ္မ ကားလမ်းဘေး ဝဲယာ ကျေးရွာတွေက ဒေသခံပြည်သူတွေ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ပြောပါတယ်။

စက်တင်ဘာ ၂၈ ရက် ညနေကလည်း မကွေးတိုင်း ရေစကြိုမြို့ စည်ပင်ပန်းခြံမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတယောက် အပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ဆီက သိရပါတယ်။

ရေစကြိုမြို့နယ် စည်ပင်ဦးစီးနဲ့ ဒုဦးစီးတို့နေထိုင်တဲ့ ပန်းခြံမှာ လုံခြုံရေးချထားတဲ့ စစ်ကောင်စီ တပ်သား ၁၅ ယောက်လောက်ကို စက်တင်ဘာ ၂၈ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာလို့ ရေစကြိုမြို့နယ် ပကဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၁ ယောက် အပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ရေစကြိုမြို့ ပြည်သူ့ဆေးရုံမှာ အရေးပေါ်ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီတပ်သားတွေကို ၁၅ မိနစ်လောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးမှုကို မသိရသေးဘဲ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေကတော့ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရမှုဖြစ်စဉ်တွေမှာ ထိခိုက်သေဆုံးတဲ့အခြေနေကို စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024