အမေဇုန်ဒေသခံတွေရဲ့ ဘဝအထောက်အပံ့ဖြစ်တဲ့ မြစ်ချောင်းတွေကို ထိခိုက်သက်ရောက်စေခဲ့တဲ့ မိုးခေါင်ရေရှားမှု ဒဏ်ကြောင့် ဘရာဇီးလ်အစိုးရဟာ အယ်မဇွန်ဒေသမှာ နေထိုင်သူတွေကို အရေးပေါ် အကူအညီပေးဖို့ အလုပ်အဖွဲ့တစ်ဖွဲ့ကို ပြင်ဆင်နေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး မာရီနာဆေးလ်ဗားက ပြောကြားခဲ့ပါတယ်။
ဖက်ဒရယ် လုပ်ငန်းအဖွဲ့ကတော့ အယ်မဇိုနာစ်နဲ့ အေကာပြည်နယ်တွေဆီ ရေ၊ အစားအစာ၊ ဆေးဝါးနဲ့ တခြားအရင်းအမြစ်တွေကို လေတပ်မှ လေကြောင်းနဲ့ သယ်ဆောင်သွားပေးမှာ ဖြစ်ကြောင်းလည်း ဝန်ကြီးဆေးလ်ဗားက ပြောပါတယ်။
ရေကျဆင်းချိန်မှာ ဒေသအတွင်း လမ်းပန်းဆက်သွယ် သွားလာရေး လွယ်ကူအောင် မြစ်တွေနဲ့ ဆိပ်ကမ်းတွေကို သောင်တူးဖို့ အစိုးရမှ ရေအားလ်ငွေကြေး သန်း ၁၄၀ ကိုလည်း ခွဲဝေပေးထားကြောင်းလည်း ဆိုပါတယ်။
မြစ်ရေနိမ့်ကျမှုနဲ့ ပိုပြီးပူလာတဲ့ ရေတွေကြောင့် မြစ်မျက်နှာပြင်ပေါ်မှာ ငါးတွေ အများအပြား သေဆုံးပြီး ပေါလောပေါ် မျောနေတာကြောင့် သောက်သုံးရေလည်း ညစ်ညမ်းနေပါတယ်။ စံချိန်တင်မိုးခေါင်မှုကြောင့် မြစ်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေလည်း ပြတ်တောက်ကုန်လို့ အစာရေစာနဲ့ ရေပြတ်လပ်မှုကို ခြိမ်းခြောက်နေပြီး ငါးတွေ အများအပြား သေဆုံးမှုလည်း စတင်နေပြီ လို့လည်း ဝန်ကြီး မာရီနာဆေးလ်ဗား က ရိုက်တာစ်ကို ပြောပါတယ်။
ငါးဖမ်းခွင့်ကိုလည်း အချိန်တခုလောက် ဆိုင်းငံ့ထားမှာ ဖြစ်လို့ ငါးဖမ်းခြင်းနဲ့ အသက်မွေးကြတဲ့ လူဦးရေ ၁၁၁,၀၀၀ လောက်ကို ထိခိုက်စေလိမ့်မယ် လို့လည်း ဆိုပါတယ်။
ဒါဟာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဖြစ်ပေါ်လာတဲ့ ရာသီဥတုပုံစံပြောင်းလဲမှုတွေနဲ့ အချိန်အခါအလိုက် အယ်လ်နီညိုရဲ့ သက်ရောက်မှုဖြစ်တယ်လို့ ဝန်ကြီး ဆေးလ်ဗားက ပြောပါတယ်။
အရပ်ဖက် ကာကွယ်ရေး အေဂျင်စီကတော့ မိုးခေါင်ရေရှားမှုကြောင့် နောက်ဆုံး အယ်မဇွန်ရှိ လူပေါင်း ၅ သိန်းအထိ ထိခိုက်နိုင်ကြောင်း သတိပေးထားပါတယ်။
Source/Photo-Reuters