ရွေးကောက်ပွဲမှာ တရုတ်ပြည်မကြီးအစိုးရရဲ့ စိတ်ကြိုက်ရလဒ်ထွက်အောင် ဖိအားပေး ကြိုးစားဖို့ ထိုင်ဝမ်အနီးတဝိုက်မှာ လက်နက်ကိုင်ခြိမ်းခြောက်တဲ့နည်းကို သုံးတာဟာ အလုပ်မဖြစ်ဘူးလို့ တရုတ်ခေါင်းဆောင်တွေကို ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက စက်တင်ဘာ ၂၈ ရက်မှာ ပြောလိုက်ပါတယ်။
ထိုင်ဝမ်ဟာ လာမယ့် ဇန်န၀ါရီလမှာ သမ္မတရွေးကောက်ပွဲနဲ့ လွှတ်တော် ရွေးကောက်ပွဲတွေကို ကျင်းပမှာဖြစ်ပြီး ရွေးကောက်ပွဲနီးလာတာနဲ့အမျှ တရုတ်နိုင်ငံဟာ ထိုင်ဝမ်တဝိုက် စစ်ရေးလှုပ်ရှားမှုတွေကို အရှိန်မြှင့် ပိုတိုးလုပ်နေတာဖြစ်ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ ထိုင်ဝမ်ခွဲထွက်ရေးတပ်တွေရဲ့ မောက်မာမှုကို တိုက်ဖျက်ဖို့ ရည်ရွယ်တယ်လို့ တရုတ်ဘက်က ပြောခဲ့ပါတယ်။
ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူကတော့ အမေရိကန်ရဲ့ စွက်ဖက်မှုကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတာ အပါအဝင် အနာဂတ်မှာ ဖြစ်နိုင်ခြေရှိတဲ့ ထိုင်ဝမ်ကို တရုတ်နိုင်ငံက တိုက်ခိုက်မှုအတွက် ပြင်ဆင်နေတာလို့ ပြောပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို ကုလအဖွဲ့အဝင်နိုင်ငံအဖြစ် ထည့်သွင်းဖို့ မကြာသေးမီက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောပေးခဲ့ကြတဲ့ ထိုင်ဝမ်ရဲ့ မဟာမိတ်တွေကို ကျေးဇူးတင်တယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေး ဝန်ကြီးဝူက နိုင်ငံခြားသတင်းထောက်တွေနဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
တရုတ်ဘက်ကတော့ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို သင်းကွဲပြည်နယ်အဖြစ် ရှုမြင်ပြီး တရုတ်ရဲ့ ထိန်းချုပ်မှုအောက် ဆောင်ကြဉ်းဖို့ အင်အားသုံးမယ့် နည်းလမ်းကို ဘယ်သောအခါကမှ မစွန့်လွှတ် သေးပါဘူး။
၁၉၇၁ ခုနှစ် ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တရုတ်ရဲ့ တရားဝင်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ထိုင်ဝမ်ကိုတော့ ဖယ်ထုတ်ခဲ့ပါတယ်။
Source/Photo-Reuters