ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့၊ မိုင်တိုင်အမှတ် ၈၉/၇ နဲ့ ၉၀/၀ ကြားရှိ မိတ္ထီလာ-တောင်ကြီး ပြည်ထောင်စုလမ်းမမှာ စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းက ကားနှစ်စီးတိုက်မိပြီး လူ ၂ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။
အေးသာယာဘက်ကနေ မောင်းနှင်လာတဲ့ လူ ၁၃ ဦးပါ အဖြူရောင်ဟိုက်ဂျက်ယာဉ်ဟာ ဟဲဟိုးဆိုင်းဘုတ်အနီး အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချရပ်ထားတဲ့ အဖြူရောင်နစ်ဆန် ၆ ဘီးကားရဲ့ အနောက်ပိုင်းကို မနက် ၅ နာရီ ၂၅ မိနစ်လောက်က ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။
မြတ်စေတနာအသင်း တာဝန်ရှိသူတဦးက “ဟိုက်ဂျက်က အေးသာယာကနေ သာစည်ဘက်သွားမှာ၊ ခေါင်းခန်း ၃ ယောက်၊ အနောက်မှာ ၁၀ ယောက်ပါတယ်၊ အားလုံး ၁၃ ယောက်ပါ။ ကားကြီးက နမ့်စန်ကနေ အောင်ပန်းသွားမှာ၊ စက်ပျက်လို့ လမ်းဘေးရပ်ထားတာ။ ဝင်တိုက်တော့ ဟိုက်ဂျက်က ဒရိုင်ဘာက ပွဲချင်းပြီး၊ အမျိုးသမီးက ဆေးရုံရောက်မှ သေဆုံးပါတယ်” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ဟိုက်ဂျက်ကားခေါင်းခန်း ကြေမွ၊ ကားနောက်ပိုင်း ပျက်စီးသွားပြီး အသက် ၄၀ ကျော်အရွယ်ရှိ ဟိုက်ဂျက်ယာဉ်မောင်း အမျိုးသားမှာ ကားခေါင်းခန်းထဲ ညပ်မိသေဆုံးသွားကာ ကားနောက်ခန်းရှိ အသက် ၅၀ ကျော် အမျိုးသမီးတဦးမှာ တောင်ကြီးဆေးရုံ ပို့ဆောင်နေချိန် သေဆုံးသွားပါတယ်။
အဆိုပါနေရာကို ဟဲဟိုးနယ်မြေမီးသတ်ရှိ ရှာဖွေကယ်ဆယ်ရေး၊ အရန်မီးသတ်၊ အရပ်ဘက်အသင်းတွေက ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦးတို့ကို ဟဲဟိုးမြတ်စေတနာအသင်းကားနဲ့ ဟဲဟိုးပြည်သူ့ဆေးရုံမှတဆင့် တောင်ကြီးဆေးရုံကို ပို့ဆောင်ပေးထားပါတယ်။