မြန်မာနိုင်ငံထဲမှာ လည်ပတ်နေတဲ့ နိုင်ငံတကာ လူကုန်ကူးဂိုဏ်းအဖွဲ့တွေဆီမှာ မလေးရှားနိုင်ငံသား အယောက် ၁,၀၀၀ လောက် ဖိအားပေး အလုပ်စေခိုင်းခံထားရတယ်လို့ မလေးရှား နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုအဖွဲ့ (MHO) က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
MHO ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဒါတွတ်ခ် ဟစ်ရှာမူဒင်ဟာရှင်က အဖွဲ့အနေနဲ့ လိမ်လည်လှည့်ဖြားခံရတဲ့ မလေးရှားနိုင်ငံသားတွေ အပါအဝင် ဒါဇင်နဲ့ချီတဲ့ တိုင်ကြားစာတွေ ရရှိထားခဲ့တယ်လို့ ဆိုပါတယ်။
တချို့ လူကုန်ကူးခံရသူတွေကိုတော့ ခြိမ်းခြောက်ပြီး သူတို့ရဲ့ မိသားစုဝင်တွေဆီ မလေးရှားရင်းဂစ် သိန်းနဲ့ချီ ငွေညှစ်တောင်းဆိုခံခဲ့ရတာတွေလည်း ရှိတယ်လို့ ဟစ်ရှာမူဒင်က ပြောပါတယ်။
“အရင်တုန်းကလည်း နိုင်ငံခြားတိုင်းပြည်တခုမှာ အလုပ်လုပ်ဖို့ ဖိအားပေး စေခိုင်းခံရတဲ့ သားဖြစ်သူကို ပြန်လွှတ်ပေးဖို့ဆိုရင် သူ့အနေနဲ့ ရင်းဂစ် ၁ ဒသမ ၂ သန်း ပေးရမယ်ဆိုပြီး ခြိမ်းခြောက်ခံရတဲ့ အမျိုးသမီးတယောက်ရဲ့ တိုင်ကြားစာတစောင်ကို လက်ခံခဲ့ရပါတယ်။ တောင်းဆိုတဲ့ ငွေပမာဏကတော့ အဖွဲ့အလိုက် ကွဲပြားတယ်။ လူကုန်ကူးခံရသူတွေကိုထားတဲ့ နေရာတွေမှာ လက်နက်ကိုင်တွေ၊ အစောင့်အကြပ်တွေ တင်းတင်းကျပ်ကျပ် ချထားတာမို့ လွတ်မြောက်ဖို့ မလွယ်ကူပါဘူး။”
လူကုန်ကူးခံရသူ မလေးရှားနိုင်ငံသားတွေဟာ လူကုန်ကူးငွေလိမ်ဂိုဏ်းတွေဆီမှာ သူတို့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာဖို့ ငြင်းဆိုရင် ရိုက်နှက်တာတွေ၊ အမှောင်ခန်းထဲ ပိတ်လှောင်တာတွေနဲ့ အစာနဲ့ ရေဖြတ်တောက်တာတွေ ကျူးလွန်ခံရတယ်လို့လည်း MHO ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။
ဒါ့အပြင် သူတို့သတ်မှတ်ထားတဲ့ ပမာဏ မရောက်ရှိတာ၊ ဒါမှမဟုတ် လုပ်ဆောင်ဖို့ ပျက်ကွက်တာမျိုးတွေအတွက်လည်း ကျူးလွန်ခံရသူတွေကို ပိုပြီးတော့ ရက်စက်တဲ့ နည်းလမ်းတွေနဲ့ အပြစ်ပေးတာမျိုးတွေ လုပ်ကြတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်ကတော့ လိမ်လည်အလုပ်ကမ်းလှမ်းမှုတွေကြောင့် နိုင်ငံအများအပြားမှာ မလေးရှားနိုင်ငံသား စုစုပေါင်း ၃၃၉ ယောက် သောင်တင်နေခဲ့တယ်လို့ မလေးရှားအောက်လွှတ်တော်က ထုတ်ပြန်ထားခဲ့ပြီးတော့ အဆိုပါနိုင်ငံတွေထဲမှာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ ဒူဘိုင်းတို့ ပါဝင်နေတယ်လို့ သိရပါတယ်။
မလေးရှားပြည်ထဲရေးဝန်ကြီးကတော့ ဝန်ကြီးဌာနအနေနဲ့ လူကုန်ကူးခံရသူတွေကို နေရပ်ပြန်နိုင်ရေးနဲ့ ကယ်ဆယ်နိုင်ဖို့အတွက် ရဲဌာနနဲ့ နီးနီးကပ်ကပ် လုပ်ဆောင်နေတယ်လို့ ပြောထားပါတယ်။
MHO ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဟစ်ရှာမူဒင်ကတော့ အဆိုပါ လူကုန်ကူးဂိုဏ်းတွေဟာ မလေးရှားနိုင်ငံသားတွေကို လှည့်ဖြားဖို့အတွက် ထိုင်းနိုင်ငံမှာ လုပ်ခလစာ ကောင်းကောင်းနဲ့ တလကို ရင်းဂစ် ၁၅,၀၀၀ လောက်ထိ ပေးမယ်ဆိုပြီး မက်လုံးပေး ကမ်းလှမ်းတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
“(ထိုင်း)နိုင်ငံဆီ ရောက်တာနဲ့ သူတို့ဟာ ပြန်ပေးဆွဲခံရပြီလို့ပဲ ယူဆရပါတော့မယ်။ မဲဆောက် နယ်စပ်ကနေတဆင့် မြန်မာဘက်ကို မပို့ခင်ပေါ့။ နောက်ထပ်ပြီးတော့ သူတို့က ဒူဘိုင်းမှာ အလုပ်အကိုင်တွေ ကမ်းလှမ်းခံရပြီး လေ့ကျင့်ရေး ရည်ရွယ်ချက်အတွက် ထိုင်းကို အရင်သွားခိုင်းတာမျိုးတွေလည်း ရှိတယ်။ ဒါပေမဲ့ သူတို့ရောက်ပြီးတာနဲ့ မြန်မာဘက်ကို ရွှေ့ပြောင်းခိုင်းပြီး အဲဒီမှာ သောင်တင်နေရပါတယ်။ ဒီအဖွဲ့အစည်းတွေကသုံးတဲ့ နည်းအမျိုးမျိုးမှာ အသိမိတ်ဆွေတွေနဲ့ ကုမ္ပဏီကြီးတွေရဲ့ အလုပ်ကမ်းလှမ်းမှုတွေ ပါဝင်ပါတယ်။”
ဒါ့အပြင် ဒီအဖွဲ့တွေဟာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကွန်ရက် တစိတ်တပိုင်းဖြစ်နေပြီး သူတို့ဟာ တရုတ်နဲ့ ထိုင်ဝမ်လို နိုင်ငံအများအပြားမှာ အခြေစိုက်တဲ့ လူတယောက်ချင်းစီက ချုပ်ကိုင်ထားတယ်လို့ ယုံကြည်ရပေမဲ့လည်း ဒီလှုပ်ရှားမှုတွေကို ဒေသခံနိုင်ငံတွေက စီမံခန့်ခွဲနေတာလို့လည်း သူက ပြောပါတယ်။
“လာအိုနဲ့ မြန်မာနိုင်ငံက အလုပ်အကိုင်ကမ်းလှမ်းမှု အတုတွေကြောင့် လှည့်စားမှု ကျူးလွန်ခံရသူတွေရဲ့ အခြေအနေက ရှုပ်ထွေးပါတယ်။ ဒါကြောင့် မလေးရှားသံရုံးက အဲဒီ သက်ဆိုင်ရာနိုင်ငံတွေက အာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မှု မလုပ်ဆောင်နိုင်သလို အဲဒီနိုင်ငံတွေမှာ သောင်တင်နေတဲ့ မလေးရှားနိုင်ငံသား အများအပြားကို ချန်ထားခဲ့ရတာပါ။”
ကိုဗစ် ကပ်ရောဂါကာလအတွင်း မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ ရာဇဝတ်ဂိုဏ်းတချို့ဟာ လူကုန်ကူးမှုနဲ့ အင်တာနက်အခြေပြု ငွေလိမ်တဲ့ လုပ်ငန်းတွေကို စတင်လုပ်ကိုင်လာရာကနေ ဒီလိုလုပ်ငန်းတွေဟာ ကမ္ဘာအနှံ့ ပျံ့နှံ့လာပြီး ဒေါ်လာဘီလျံနဲ့ချီ အကျိုးအမြတ်ရှိတဲ့ တရားမဝင် လုပ်ငန်းကွန်ရက်တွေအဖြစ် ပေါ်ထွက်လာနေတယ်လို့ အင်တာနက် မှုခင်းဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် အာဏာသိမ်းစစ်ကောင်စီရဲ့ သြဇာအာဏာ ကျဆင်းလာတာနဲ့အမျှ ရာဇဝတ်ဂိုဏ်းတွေဟာ ဒေသတွင်းက လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အင်တာနက်မှုခင်းတွေကို ပြောင်ပြောင်တင်းတင်း ဆက်လက်ကျူးလွန်နေခဲ့ကြတဲ့အကြောင်း၊ အခုဆိုရင် ဒီလုပ်ငန်းတွေရဲ့ ဝင်ငွေဟာ ဒေါ်လာဘီလျံနဲ့ချီပြီး ရှိနိုင်တယ်လို့ သုတေသီတွေက ခန့်မှန်းထားပါတယ်။
အခုလို စစ်ရေးပဋိပက္ခ တိုက်ခိုက်မှု၊ အစဉ်အလာ ရာဇဝတ်မှုနဲ့ အင်တာနက် ရာဇဝတ်မှု သုံးမျိုးလုံး ပေါင်းစပ်ပြီး မြန်မာနိုင်ငံကနေ စတင်လာတဲ့ ဒီလိုမှုခင်းတွေဟာ ဆိုင်ဘာရာဇဝတ်မှု လေ့လာစောင့်ကြည့်သူတွေအတွက် မကြုံဘူးတဲ့ ပုံစံအသစ်တခု ဖြစ်နေပြီး အရှေ့တောင်အာရှ ပြင်ပက စစ်ရေးပဋိပက္ခ ဖြစ်ပွားနေတဲ့ တခြားဒေသတွေကိုပါ ပျံ့နှံ့လာဖို့ ဖြစ်နိုင်ခြေရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။