မွန်ပြည်နယ်၊ ပေါင်မြို့မှာ စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၃ နာရီက မြို့ပေါ် ဘုန်းကြီးကျောင်းတွေမှာ ရိုးရာဓလေ့ ဆွမ်းတော်တထောင် တင်လှူပူဇော်ပွဲ ကျင်းပပါတယ်။
မွန်တိုင်းရင်းသားတွေဟာ တော်သလင်းလပြည့်နေ့ရောက်တိုင်း ရိုးရာဓလေ့ ဆွမ်းတော်တထောင် တင်လှူပူဇော်ပွဲကို နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။
ရိုးရာဓလေ့ ဆွမ်းတော်တင်ပွဲကို တော်သလင်းလဆန်း ၁၄ ရက် (အဖိတ်) နေ့ ညနေပိုင်းကစပြီး ဘုန်းတော်ကြီးကျောင်းတွေမှာ စိတြဒူတ သင်္ဘောပုံသဏ္ဌာန် လှေပြုလုပ်ကာ တထောင်မကတဲ့ သစ်သီးတွေကိုထည့်ပြီး တော်သလင်းလပြည့် (ဂရုဓမ္မာအခါတော်) နေ့မှာ နီးစပ်ရာ မြစ်၊ ချောင်းတွေမှာ သွားရောက်မျှောကြတယ်လို့ ဆိုပါတယ်။
ပေါင်မြို့နယ်၊ ဇင်းကျိုက်ကျေးရွာ ဒေသခံတဦးက “ဒီဓလေ့က မွန်လူမျိုးတိုင်း လုပ်ကြတာပါ။ အခုညနေ အိမ်က သစ်သီးဆွမ်းတွေ ယူလာပြီး လှေထဲမှာ ထည့်တာပေါ့။ မနက်ဖြန်ကျရင် အစောကြီး ရေထဲမှာ သွားမျှောကြမယ်။ တချို့ ချောင်းတို့ မြစ်တို့နဲ့ ဝေးတဲ့သူတွေဆိုရင်တော့ ဘုန်းကြီးကျောင်းကို ပြန်လှူတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
မွန်ရာဇဝင်ဓမ္မစေတီကျမ်းအရ သီလစင်ကြယ်တဲ့ သာသနာပြုရဟန်းတော်တွေ မွေးထုတ်နိုင်ဖို့ ကောဇာသက္ကရာဇ် ၈၃၈ ခုနှစ်မှာ ဓမ္မစေတီမင်းက သီဟိုဠ် (သီရိလင်္ကာ) ကို မွန်သံဃာတော် ၄၄ ပါး စေလွှတ်ခဲ့ပြီး ရာမဒူတနဲ့ စိတြဒူတ သင်္ဘော ၂ စင်း ကောင်းမွန်ချောမောစွာ ပြန်ရောက်ခဲ့တာကို အကြောင်းပြုပြီး ပြုလုပ်ကြတာလို့ မွန်သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။
မွန်ရိုးရာ ဆွမ်းတော်တထောင် တင်လှူပွဲကြီးကို နှစ်စဉ် မွန်ပြည်နယ်အတွင်းရှိ မွန်လူမျိုး အများဆုံးနေထိုင်တဲ့ ရပ်ကွက်/ကျေးရွာတွေမှာ ကျင်းပလေ့ရှိပြီး စတုမဓူ ဆွမ်းလောင်းလှူပွဲတွေကိုလည်း ကျင်းပပါတယ်။