Home
မြန်မာသတင်း
ရန်ကုန်တွင် စားအုန်းဆီတန်းစီရင်း ခိုက်ရန်ဖြစ်ပွားမှု နေ့စဥ်ဖြစ်ပေါ်နေ
DVB
·
September 28, 2023
Queing for cooking oil_28092023

ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေကို ဆီကုန်သည်များအသင်းက စားအုန်းဆီ တပိဿာကို ကျပ်  ၄,၄၀၀ နဲ့ လိုက်လံရောင်းချပေနေရာ အဆိုပါ စာအုန်းဆီရောင်းချတဲ့ နေရာတွေမှာ ဆီဝယ်ယူဖို့ တန်းစီရင်း ခိုက်ရန်ဖြစ်ပွားမှုတွေ နေ့စဥ်ဖြစ်ပေါ်နေတယ်လို့ မျက်မြင်ဒေသခံတွေထံက သိရပါတယ်။

စက်တင်ဘာ ၂၆ ရက်က လမ်းမတော်မြို့နယ် သံဈေးအနီးက စားအုန်းဆီ လာရောက် ရောင်းချတဲ့နေရာမှာ တန်းစီနေရာလုကြရင်း စကားများ ထိုးကြိတ် ရန်ဖြစ်ကြတယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့သူတဦးက ပြောပါတယ်။

“ဆီက တပိဿာကို ၄,၄၀၀ နဲ့ လာရောင်းတယ်၊ ရောင်းပေးတာက တနာရီလောက်ပဲ ရောင်းတာ၊ အဲဒီတော့ နေရာလုကြရင်း ရန်ဖြစ်ကြတာ။”

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်ကလည်း လှိုင်သာယာမြို့နယ်၊ မီးခွက်စျေးမှာရှိတဲ့ စားအုန်းဆီ လာရောက်ရောင်းချတဲ့နေရာမှာ တန်းစီ နေရာလုကြရင်း ပုလင်းနဲ့ အပြန်အလှန် ရိုက်ခဲ့တာကြောင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

စာအုန်းဆီဝယ်ယူဖို့ လာရောက်တန်းစီသူတွေထဲက တချို့ကတော့ တပိဿာကို ကျပ်  ၈,၀၀၀ နဲ့ အပြင်ဆိုင်တွေကို ပြန်လည်ရောင်းချတဲ့သူတချို့လည်း ပါဝင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းကာ တန်းစီတဲ့နေရာကို ငွေပေးပြီး ဝယ်ယူတာတွေ ရှိတာကြောင့် အမှန်တကယ် လိုအပ်တဲ့သူတွေအနေနဲ့ အခက်အခဲ ဖြစ်နေတယ်လို့ ရွှေပြည်သာမြို့ခံတဦး​က ပြောပါတယ်။

“တန်းစီစနစ်နဲ့ ရောင်းပေးလည်း တကယ်လိုတဲ့သူတွေက မရပါဘူး။ ဆီပြန်ရောင်းတဲ့သူတွေက ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေနဲ့ ပေါင်းပြီး တန်းစီတဲ့နေရာတွေကို ဝယ်ထားတာ။”

ဒါ့အပြင် စာအုန်းဆီ တန်းစီဝယ်ယူဖို့အတွက်လည်း ရပ်ကွက်ထောက်ခံစာ လိုအပ်ပြီး အဆိုပါ ထောက်ခံစာရရှိဖို့အတွက် ရပ်ကွက်ရုံးကို ငွေကျပ် ၂,၀၀၀ ပေးရတယ်လို့ သာကေတမြို့နယ်မှာ နေထိုင်တဲ့ မြို့ခံတွေဆီကနေတဆင့် သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စားအုန်းဆီဈေးနှုန်း တဖြည်းဖြည်း မြင့်တက်လာပြီး ပြင်ပဈေးကွက်မှာ စားအုန်းဆီ တပိဿာကို ၉,၀၀၀ ကျပ်ကနေ ၁၃,၀၀၀ ကြား ရှိနေကြောင်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024