တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ မိုးသည်းထန်ရွာသွန်းနေတာကြောင့် မြို့ပေါ်ရပ်ကွက်တချို့ရှိ လမ်းတွေ ရေနစ်မြုပ်နေပြီး နေအိမ်တွေထဲအထိပါ ရေတွေစီးဝင်လာတာကြောင့် သွားလာရ ခက်ခဲနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၇ ရက် ည ၁ဝ နာရီဝန်းကျင်လောက်တည်းက ညလုံးပေါက် မိုးသည်းထန်စွာရွာသွန်းနေပြီး စက်တင်ဘာ ၂၈ ရက် ဒီကနေ့ နေ့လယ်အချိန်လောက်ထိ မိုးဆက်လက်ရွာသွန်းနေဆဲတယ်လို့ သိရပါတယ်။
မြိတ်မြို့ခံတဦးက “ည ၁၀ နာရီလောက်ကတည်းက တညလုံး မိုးရွာနေတာ တော်တော်ကြမ်းတယ်။ မိုးရော လေရောပဲ။ တချို့မြေနိမ့်ပိုင်း အိမ်တွေတော့ ရေစီးဝင်တယ်။ အခု ဒူးခေါင်းလောက်ထိ မြင့်တယ်။ လေပြင်းတွေတိုက်လို့ ခေါင်မိုးတွေပါ လွင့်ထွက်ကုန်တယ်” လို့ ပြောပါတယ်။
မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် မြိတ်မြို့ရှိ မြေနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ မြို့သစ်ရပ်ကွက်နဲ့ မြိတ်တောင် ရပ်ကွက်တွေဘက်မှာ ဆိုင်ကယ်နဲ့ ကားတွေ သွားလာရ အဆင်မပြေဖြစ်နေပြီး နေအိမ်တွေထဲ ရေစီးဝင်နေတာကြောင့် နေရထိုင်ရ ခက်ခဲနေပါတယ်။
မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာ၊ ပုလဲရပ်ကွက်မှာလည်း ဒီမနက် ၈ နာရီလောက်မှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျလို့ လူနေအိမ် ၂ လုံး ပျက်စီးကာ ဒေသခံတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ ပါတယ်။
ကျွဲကူးရွာမှာ ပြေပြိုကျတာကြောင့် ဦးအောင်ဇော်ဦးအိမ်နဲ့ ဒေါ်နွဲ့ရီ အိမ်ပါသွားကာ ဒေါ်နွဲ့ရီ နံရိုးကျိုးပြီး အရေးပေါ်ဆေးရုံပို့ထားရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မြေပြိုတာကြောင့် အိမ်နှစ်လုံးနဲ့ လူတစ်ဦး ထိခိုက်တယ်လို့ သိရတယ်။ ဆိုင်ကယ်တွေရော မြေပြိုရာမှာ ပါသွားတယ်။ ပစ္စည်းဆုံးရှုံးမှု တန်ဖိုးအတိအကျကိုတော့ မသိရသေးဘူး။”
အဆိုပါမြေပြိုမှုဖြစ်ပွားပြီးနောက် ပရဟိတနာရေးကူညီမှုအသင်းတွေ၊ မီးသတ်တပ်ဖွဲ့တွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ လာရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါသေးတယ်။
ပြီးခဲ့တဲ့ဇူလိုင် ၁၈ ရက် မနက်က မြိတ်မြို့နယ်မှာ လေပြင်းတွေတိုက်ခတ်လို့ ကလွင်ကျေးရွာအုပ်စု ရှားတောဝရပ်ကွက် နဂါးရာဇ်ကျောင်းဘက်မှာ ဒေသခံတစ်ဦး အုန်းပင်ပိမိ သေဆုံးခဲ့ပါတယ်။
မြိတ်မြို့မှာ အခုနှစ်အတွင်း မကြာခဏ မိုးသည်းထန်စွာရွာလေ့ရှိကာ ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်ကလည်း မိုးသက်လေပြင်းကျရောက်တာကြောင့် မြိတ်ကမ်းနားလမ်းမှာ ရပ်နားထားတဲ့ သမ္ဗန်လှေတချို့ နစ်မြုပ်ခဲ့ပါတယ်။