မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကနာလိုကျေးရွာထဲမှာ စက်တင်ဘာ ၂၇ ရက်ညပိုင်းက လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တာကြောင့် ကလေးတယောက် အပါအဝင် အရပ်သား ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။
မနေ့ည ၉ နာရီခွဲလောက်က ကနာလိုကျေးရွာရှိ ဒေသခံနေအိမ် နှစ် လုံးအပေါ် လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာပါ။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၉ နှစ်အရွယ် မောင်မင်းကိုနဲ့ အသက် ၆၀ ဝန်းကျင်အရွယ်တွေဖြစ်တဲ့ ဦးပန်အေးနဲ့ ဒေါ်ဖီတို့ ကျည်စထိမှန် ဒဏ်ရာရရှိခဲ့တာပါ။
ဒေသခံတစ်ဦးက“ဒီရွာမှာက ဘယ်တုန်းကမှ တိုက်ပွဲဖြစ်တာ မရှိဘူး၊ ဘယ်ကပစ်လိုက်မှန်း မသိတဲ့ လက်နက်ကြီး နှစ်လုံးကျလာတာ၊ သုံးယောက် ဒဏ်ရာရတယ်၊ ကလေးတယောက်ကတော့ ဒဏ်ရာပြင်းတယ်”လို့ ပြောပါတယ်။
ဘယ်ဘက်မျက်နှာတစ်ခြမ်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ကလေးကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ ကျိုက်မရောဆေးရုံကနေ မော်လမြိုင်ပြည်သူ့ဆေးရုံထံ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် နှစ်လုံး ကြွေမွပျက်စီးခဲ့ပြီး နောက်ထပ် နေအိမ် ခြောက်လုံးနဲ့ ကားတစ်စီးကလည်း ထိခိုက်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။
မွန်လူမျိုးအများစု နေထိုင်တဲ့ ကနာလိုကျေးရွာဟာ အာဏာသိမ်းကာလအတွင်း ပထမဆုံးအကြိမ် ကျေးရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။