ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အပြင်က မန္တလေး-လားရှိုးအမြန်လမ်းပေါ်ရှိ DENKO စက်သုံးဆီဆိုင်မှာ ကားဆီဖြည့်ရာကနေ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁ ယောက် သေဆုံးတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၇ ရက် ညနေ ၅ နာရီလောက်က မီးလောင်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
လူမှုကူညီရေးအသင်းဘက်ကတော့ မူဆယ်ဘက်ကလာတဲ့ကားက ဆီဖြည့်ရင်းကနေ မတော်တဆပေါက်ကွဲမှုဖြစ်ပြီး ဒေသခံ တယောက် မီးလောင် သေဆုံးသွားကာ ၁၂ ယောက်လောက် ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက "ညနေ ၅ နာရီလောက်က DENKO ဆီဆိုင်ကို ဝင်အုံးသွားတာလား၊ မတော်တဆလားတော့ မသိဘူး။ ပေါက်ကွဲသံကတော့ အကျယ်ကြီးပဲ။ အရေးပေါ်ကားတွေ သွား နေတာ ကြားတယ်။ မီးသတ်ကားလည်း သွားတာ ၁ဝ စီး ဝန်းကျင်ရှိပြီ။ ခရီးသည်တင်ကားတစင်းနဲ့ ခွေးဘီလူးတစင်းကို မီးလောင်တဲ့နေရာမှာ တွေ့တယ်”လို့ ပြောပါတယ်။
ရွှေသံလွင်နာရေးကူညီမှုအသင်း-လားရှိုးတာဝန်ရှိသူတဦးက "မူဆယ်ကနေ တောင်ငူတို့ဟိုး အောက်ဘက်ဆင်းတဲ့ ကားတွေထဲက တစင်းက ဆီဝင်ဖြည့်ရင်း ပေါက်တာကနေစပြီး မီးလောင်တာပါ။ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ယောကျ်ားလေး တဦးတော့ မီးလောင်ဒဏ်ရာနဲ့ သေသွားပါပြီ။ လောလောဆယ် အရေးပေါ်ခွဲစိတ်ကုသဆောင်မှာ အနည်းဆုံး ၅ ယောက် နဲ့အထက်ကို ပို့ထားပြီးပါပြီ။ သွေးအရေးပေါ်လိုနေလို့ အခု လိုက်ရှာနေပါတယ်"လို့ ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ကားမှာ မူဆယ်-တောင်ငူ ပြေးဆွဲနေတဲ့ သစ္စာဟိဏ်းယာဥ်လိုင်းကားဖြစ်ပြီး ဆီဖြည့်စဥ် ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။
ခရီးသည်တင်ကားမှတဆင့် အိမ်စီးကားတစီးကို ထပ်မံလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုထားကြပြီး မီးလောင်မှုဖြစ်ခဲ့တဲ့ လားရှိုး Denko ဆီဆိုင်ကို ဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည်ဖြေကြားခြင်းမရှိသေးတဲ့အတွက် ဆုံးရှုံးမှုတန်ဖိုးကို အတည်မပြုနိုင်သေးပါဘူး။
ဓာတ်ပုံ/ဗွီဒီယို-ပေးပို့