ရခိုင်ပြည်နယ်၊ မောင်တော-ဝေသာလီခွဆုံ အဖွဲ့ပေါင်းစုံ စစ်ဆေးရေးဂိတ်မှာ မောင်တောဒေသကို ဝင်လာတဲ့ ကန့်သတ်ကုန်တွေကို ရခိုင်ပြည်နယ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး အမိန့်နဲ့ တင်းကျပ် ရှာဖွေဖမ်းဆီးနေတယ်လို့ ကားသမားတွေနဲ့ ဒေသခံတွေထံက သိရပါတယ်။
မောင်တောဒေသခံတဦးက “အေအေ ထိန်းချုပ်ရာ မောင်တောမြောက်ပိုင်းကို သယ်ယူနေတဲ့ ကွမ်းသီး၊ စားအုန်းဆီနဲ့ တခြားကုန်စည်တွေ အားလုံးကို ရှာဖွေဖမ်းဆီးနေတာလို့ သိရတယ်ဗျ။ ဟိုနေ့ကဆို မောင်တောစျေးမှာ စားအုန်းဆီ ရှာမရဘူး။ အားလုံးဖမ်းမယ်ဆိုတဲ့ သတင်းထွက်လာတော့ ဆိုင်သည်တွေ မရောင်းရဲဖြစ်နေရတယ်” လို့ ပြောပါတယ်။
အဲဒီ ဝေသာလီကျေးရွာခွဆုံ အဖွဲ့ပေါင်းစုံ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီက တပ်မမှူးကိုယ်တိုင် ထိုင်ပြီး စစ်တပ်၊ ရဲ၊ မူးယစ်တပ်ဖွဲ့၊ အကောက်ခွန်၊ လဝက၊ လူကုန်ကူး၊ ထွေအုပ်၊ မီးသတ် စတဲ့ အဖွဲ့ပေါင်းစုံပါဝင်ပြီး မောင်တောဒေသကို ကန့်သတ်ကုန်တွေဖြစ်တဲ့ ကွမ်းသီး၊ စားအုန်းဆီနဲ့ တခြားကုန်စည်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဒေသခံ ကားသမားတဦးက ဆိုပါတယ်။
“ကွမ်းသီးကို အဓိကရှာတယ်။ နောက် စားအုန်းဆီနဲ့ သူတို့ရှာချင်တဲ့ ကုန်တွေကို လိုက်ရှာနေတာ။ စိတ်ပျက်ဖို့ကောင်းတယ်ဗျာ။ ကုန်တွေ ဘာမှမပါရင်လည်း ရပ်တန့်စစ်ဆေးတာ။ ဒီဂိတ်က တော်တော်လေး သောင်းကျန်းနေတယ်။”
ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတို့ အပစ်ရပ်ပြီးနောက်ပိုင်း မောင်တော ၃ မိုင်-ဝေသာလီ ခွဆုံမှာ အဖွဲ့ပေါင်းစုံ စစ်ဆေးရေးဂိတ် ၃ ခုအထိ တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး စစ်ဆေးနေခဲ့ပေမဲ့ နောက်ပိုင်း စစ်ဆေးမှုမရှိဘဲ အဆောက်အအုံတွေပါ ပြိုပျက်သွားခဲ့ပါတယ်။ အခု စက်တင်ဘာလဆန်းပိုင်းက စပြီး စခန်းကို အခိုင်အမာတည်ဆောက်ကာ ပြန်လည် စစ်နေတာ ဖြစ်ပါတယ်။
မောင်တောမြောက်ပိုင်းကို ကွမ်းသီးသယ်ယူရာမှာ နယ်ခြားစောင့်စစ်ဆေးရေးဂိတ်တွေကို ကျပ်သိန်းဆယ်ဂဏန်းအထိ ပေးနေရပါတယ်။
ရက္ခိုင့်တပ်တော်က မောင်တောမြောက်ပိုင်း ကြိမ်ချောင်း နခခ-၇ အလွန်ကစပြီး စခန်းအထိုင်ချကာ ကုန်စည်တန်ဖိုးရဲ့ ၅ ရာခိုင်နှုန်း အခွန်ကောက်နေတာကြောင့် စစ်ကောင်စီက မောင်တောဒေသကို အခုလို ကွမ်းသီးနဲ့ ကန့်သတ်ကုန်တွေကို ကုန်စည်သယ်ယူခွင့် နည်းမျိုးစုံနဲ့ ကန့်သတ်နေတာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ဂုတ်ပ္ပီတောင်ကျော်လမ်းမှ ကျပ် သိန်းပေါင်း ၂,၃၀၀ ကျော်တန်ဖိုးရှိ ကွမ်းသီးကား ၁၃ စီးကို စက်တင်ဘာ ၁၆ ရက်က ဖမ်းဆီးခဲ့ပါတယ်။