ပြည်တွင်းမှာ အသုံးပြုနေတဲ့ တယ်လီဖုန်း ဆင်းမ်ကတ်တွေကို ပြန်လည်မှတ်ပုံမတင်ဘဲ သုံးစွဲရင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၂ အရ အရေးယူသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၅ ရက်နေ့က ထုတ်ပြန်ပါတယ်။
လသာမြို့နယ်မှာ ဖုန်းနဲ့ ဆင်းမ်ကတ်မျိုးစုံ အရောင်းဆိုင်ရှင်တစ်ဦးက “ကျနော်တို့လို အရောင်းဆိုင်တွေက Customer Registration ဆိုင်ရာ ညွှန်ကြားချက်တွေနဲ့အညီ မှတ်ပုံတင်ပြီးမှ ရောင်းချရတာပါ။ သုံးစွဲမယ့်သူက ပြန်တင်လား၊ မတင်လားဆိုတာ ကျနော်တို့လဲ မသိဘူးလေ။ အမှန်တကယ်ဆို ဆင်းမ်ကတ် အရောင်းဆိုင်တွေမှာ သုံးစွဲသူကိုယ်တိုင် မှတ်ပုံတင်နဲ့လာဝယ်ပြီး ဆိုင်သမားတွေက တခါတည်း မှတ်ပုံတင် လုပ်ပေးပြီးမှ ရောင်းချခိုင်းရင်တော့ ပိုထိရောက်နိုင်ပါတယ်” လို့ ပြောပါတယ်။
မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာအရောင်းဆိုင်တွေ၊ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာတွေနဲ့ တရားဝင်စာချုပ်ချုပ်ဆိုထားတဲ့ အရောင်းကိုယ်စားလှယ်တွေနဲ့ အရောင်းဆိုင် (Points of Sales)တွေအနေနဲ့ သုံးစွဲသူ မှတ်ပုံတင်ခြင်းဆိုင်ရာ ညွှန်ကြားချက်တွေနဲ့အညီ မှတ်ပုံတင်ပြီးမှသာ ရောင်းချရမှာဖြစ်ပါတယ်။
မြောက်ဥက္ကလာနေသူတဦးက “အရင်ကတည်းက မှတ်ပုံတင် တခုနဲ့ ဆင်းမ်ကတ် နှစ်ခုကို သုံးစွဲခွင့်ရှိတယ်ဆိုပြီး ပြောထားပြီးသားလေ။ မှတ်ပုံမတင်ထားတဲ့ ဆင်းမ်ကတ်တွေကို ပိတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်။ အခုလည်းလာပြန်ပြီ အရေးယူမယ်တဲ့။ ရူးများရူးနေပြီလားလို့တောင် မေးချင်တယ်" လို့ ပြောပါတယ်။
လက်ရှိမှာ မှတ်ပုံတင်မလုပ်ဆောင်ထားတဲ့ ဆင်းမ်ကတ်တွေကို အသုံးပြုပြီး ဆက်သွယ်ရေး ကွန်ရက်ပေါ်က ရာဇဝတ်မှု၊ အကြမ်းဖက်လုပ်ဆောင်မှုတွေနဲ့ ခြိမ်းခြောက်အန္တရာယ်ပြုမှုတွေ ပိုမိုပြုလုပ်လာနိုင်တာကြောင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှုကိုပါ ထိခိုက်လာတယ်လို့ စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
လက်တွေ့မှာတော့ စစ်ကောင်စီဟာ သူ့ကိုဆန့်ကျင် တော်လှန်သူတွေကို မှတ်ပုံတင်ထားတဲ့ ဆင်းမ်ကတ်တွေကနေတဆင့် ခြေရာခံ လိုက်လံဖမ်းဆီးကာ ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေကို လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်ကြောင်း စိစစ်တွေ့ရှိရင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၂ အရ အရေးယူခြင်းခံရမှာဖြစ်ကြောင်းလည်း အသိပေးထားပါတယ်။