ပဲခူးရိုးမတောင်ပေါ်ဒေသ ခါချဉ်တောင်ပေါ်က ရွာတချို့နဲ့ ကားလမ်းဘေးတွေက လူနေအိမ်တွေ၊ ယာတဲတွေကို စစ်ကောင်စီတပ်က လိုက်လံမီးရှို့နေတာကြောင့် ရွာသားတွေထောင်ချီ အိုးအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးနေရပါတယ်။
အခုရက်ပိုင်း ပဲခူးရိုးမပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ အကြိမ်ကြိမ် ချုံခိုတိုက်ခိုက်ခံရတာ၊ ကြားဖြတ်တိုက်ခိုက်ခံနေတာတွေကြောင့် စစ်ကောင်စီတပ်တွေက အခုလို ရွာတွေကို လိုက်လံ မီးရှို့နေတာလို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တာဝန်ရှိသူတဦးက "၂၅ ရက်နေ့က ခါချင်တောင်ပေါ်က ဟိုင်းရူးရွာကို မီးရှို့သွားတယ်။ အခုလည်း တောင်ပေါ်က ရွာ ၁၀ ရွာနဲ့ လမ်းဘေးက အိမ်တွေ အကုန်လုံးကို ဖယ်ခိုင်းနေတယ်၊ ၂၈ ရက်နေ့ လေကြောင်းက ဗုံးကြဲမယ်လို့ အသံတွေထွက်နေတယ်၊ အိမ်မွေး ဆိတ်၊ ကြက်၊ ဝက်တွေနဲ့ ရိတ်လက်စ မြေပဲ၊ နှမ်း၊ ဆန် ဘာမှ သယ်ခွင့်မပေးဘူး၊ တချို့ ရွာတွေ ဘေးရှိ လယ်တဲတွေကို မီးရှို့တာတွေ ဆက်တိုက်လုပ်နေတယ်။ ရွာတွေထဲမှာတော့ မျက်စိမမြင် လမ်းမလျှောက်နိုင်တဲ့ ဘိုး ဘွား ၅ ယောက် လောက်ကတော့ ကျန်ခဲ့တယ်။ အများစုက တောင်အောက်က စိန်ကန့်လန့်မှာ အဆင်ပြေသလို နေနေရတယ်။ တချို့တွေကတော့ အိမ်တွေငှားနေရတယ်။ ခရစ်ယာန်အုပ်စုကတော့ စာနီတွေကို ကြို့ပင်ကောက်ဘက်ကို ပို့ပြီး ၊ စာဖြူအုပ်စုတွေကိုတော့ သာယာ၀တီမြို့နယ်ဘက်တွေကို ရွေ့ ပြောင်းပေးထားပါတယ်။ လက်ရှိ ဘာမှ မသယ်ရဘဲ ထွက်ပြေးလာရတော့ စားဝတ်နေရေးတော့ ခက်ခဲကြမှာပဲ” လို့ ပြောပါတယ်။
လတ်တလော ဘန့်ဘွေးကုန်းကျောင်း၊ အောင်ဆန်းမြိုင်(ဘက)ကျောင်း၊ ကျွဲမကိုင်းကျောင်းတွ ရက်အကန့် အသတ်မရှိပိတ်ထားလိုက်ရပြီး ရိုးမတောင်ပေါ်က အုတ်ဖိုမြို့နယ်ထဲက ဆည်ရွာ၊ မီးချောင်းတင်နဲ့ မင်းလှမြို့နယ်ထဲက ပျဥ်းကတိုးခင်း၊ ဝါးရား၊ ကျွဲသေ၊ ညောင်ကားယား၊ ဗိုလ်ရုံ၊ ဟိုင်းရူးလမ်းပေါက်၊ ချောင်းစုံ၊ ကျွဲမကိုင်း၊ ချေတိုလယ်ချမ်း၊ ဟိုင်းရူးရွာ စတဲ့ ရွာ ၁၂ ရွာ ဖယ်ရှားပေးလိုက်ရရာ ဟိုင်းရူးရွာက ဒေသခံတွေ သုံးပုံတပုံလောက် ပိတ်မိနေသေးတယ်လို့ ဟိုင်းရူးဒေသခံ တယောက်က ပြောပါတယ်။
တိမ်းရှောင်ထွက်ပြေးနေရတဲ့ ဒေသခံတွေအများစုကတော့ ကျွဲမကိုင်း၊ ကျောင်းရွာ၊ စိန်ကန့်လန့်၊ ဒီးဒူးပင်၊ ဘုတ်သိုး၊ ဘန့်ဘွေးကုန်း ဘုရားဝင်းတွေနဲ့ သာယာ၀တီမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်တွေထဲက ကျေးရွာတွေမှာ ခိုလှုံနေကြပြီး လက်ရှိ တောင်ပေါ်မှာတော့ ကျောင်းရွာနဲ့ ကျွဲမကိုင်းရွာတို့ပဲ ကျန်နေခဲ့ကာ ရွေ့ပြောင်းထွက်ပြေးနေရသူ ထောင်ချီရှိနိုင်တယ်လို့ ဒေသခံပြည်သူ့အုပ်ချုပ်ရေးမှူးအဖွဲ့တာဝန်ရှိသူက ခန့်မှန်းပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကတည်းက ပဲခူးရိုးမပေါ်ကို PDF တွေ အခြေပြုမယ်လို့ သတင်းရတာကြောင့် ပဲခူးတိုင်း နယ်လုံဝန်ကြီးက ရိုးမ အဝင်အထွက် ပေါက် အားလုံး/ကားအတက်အဆင်း အားလုံးကို ပိတ်ခိုင်းထားပြီး၊ နယ်မြေခံအထိုင်စစ်ကောင်စီတပ်၊ သစ်တော၊ အုပ်ချုပ်ရေးမှူးအဖွဲ့တွေ ပူးပေါင်းကာ ညဘက် ၁၂ နာရီ ထိုးရင် သစ်ကားတွေ အတန်းလိုက် လွှတ်ပြီးငွေတောင်းတာ၊ စစ်ကောင်စီတပ် ပိုင်ကားတွေနဲ့ သစ်ထုတ်တာတွေ လုပ်နေပါတယ်။
ဒါကြောင့် စက်တင်ဘာ ၉ ရက်က ခါချဥ်တောင်စခန်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က တိုက်ခိုက်သိမ်းယူ မီးရှို့ခဲ့ပြီး စက်တင်ဘာ ၂၃ ရက်ကစလို့ ပဲခူးရိုးမတောင်ပေါ်ကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားလိုက်ပါတယ်။