နိုင်ငံရေးအကျဉ်းသူဟောင်း မခင်စုစုလှိုင်(ခ)မားစုကို စစ်ကောင်စီက စက်တင်ဘာ ၂၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်က နေအိမ်မှာ ပြန်လည်ဖမ်းဆီးသွားတယ်လို့ နီးစပ်သူထံက သိရပါတယ်၊
မခင်စုစုလှိုင်(မားစု)နဲ့အတူ ကိုမော်ချေမင်း၊ မအိရွှေစင်၊ မနီလာစိန်၊ ကိုဒေဝ တို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။
မခင်စုစုလှိုင်က ၂၀၂၁ ခုနှစ်မှာ ပုဒ်မ ၅၀၅-က နဲ့ ထောင် ၃ နှစ်ချခံခဲ့ရကာ အင်းစိန်ထောင်မှာ ထိန်းသိမ်းခံရပြီး သာယာဝတီထောင်ကို ပြောင်းရွှေ့ခံခဲ့ရပါတယ်။ အခုနှစ် မေလ ၃ ရက်နေ့ကမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်၊
မခင်စုစုလှိုင်နဲ့ နီးစပ်သူ တစ်ယောက်က “မားစုက ၂၀၂၃ မေလက လွတ်ငြိမ်းနဲ့ လွတ်လာတာ။ အခု ၂၅ ရက်နေ့က သူ့အိမ်မှာ သူ့မိသားစုနဲ့ အတူရှိနေရင်း စစ်ကြောရေးက လာဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။ သူနဲ့အတူ နောက်ထပ်လူ စုစုပေါင်း ၅ ယောက်လည်း အဖမ်းခံလိုက်ရတယ် အမှုတွဲ အတူတူပဲလားဆိုတာတော့ သေချာမသိဘူး။ မားစုကို ဘာလို့ ဖမ်းခေါ်သွားတယ် ဆိုတာလည်း ကျနော်တို့ မသိရသေးပါဘူး ” လို့ ပြောပါတယ်၊
အခုလို လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထပ်မံဖမ်းဆီးတာမျိုးတွေ ပုဒ်မအသစ်တွေနဲ့ ဖမ်းဝရမ်းတွေထုတ်ပြီး ပြန်လည်ဖမ်းဆီးတာတွေလုပ်နေတဲ့အတွက် နိုင်ကျဉ်းတွေအနေနဲ့ ကိုယ့်အိမ်မှာ မနေရဲလောက်အောင်ဖြစ်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ယောက်က ပြောပါတယ်၊
“အခု မခင်စုစုလှိုင်ဆို သူ့အိမ်မှာပဲ နေရင်း ပြန်ဖမ်းတာခံရတာ ဆိုတော့ တချို့နိုင်ကျဉ်းတွေဆို လွတ်လာပြီး တောင်မှ ကိုယ့်အိမ်မှာမနေနိုင်တဲ့အခြေအနေတွေဖြစ်နေတယ်။ ပြီးတော့ လွတ်လာကာစမှာပဲ ပုဒ်မတွေကပ်ပြီး ထောင်ဘူးဝကနေပြန်ခေါ်သွားတာတွေလည်းရှိနေတယ်။ နောက်တခုက တချို့ဆို လွတ်ပြီး ကိုယ့်အိမ်ကိုယ်လည်း ပြန်ရောက်နေပြီးမှ ပုဒ်မအသစ်တွေတပ် ဝရမ်းတွေ ထုတ်နေတာမျိုးလည်းရှိတယ်။ ဘာမှတော့ လုပ်မထားဘူး။ သူတို့က မထင်ရင် မထင်သလို ဖမ်းတာတွေ ဝရမ်းတွေ ကပ်တာတွေနဲ့ဆိုတော့ ကိုယ့်အိမ်မှာတောင် ကိုယ် မနေရဲတာတွေ ဖြစ်နေပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံထားရသူတွေရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်တွေက active ဖြစ်နေပြီး စစ်ကြောရေးက ထောက်လှမ်းနေတာဖြစ်လို့ သတိထားကြဖို့ကိုလည်း နီးစပ်သူတွေက လူမှုကွန်ရက်တွေမှာ မျှဝေနေကြပါတယ်။