ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့မှာ စက်တင်ဘာ ၂၅ ရက်ကစတင်ကာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေတာကြောင့် မြို့အဝင်အထွက်မပြုလုပ်ဖို့ တားမြစ်ထားကာ မြို့ခံ ၁,၀၀၀ ကျော်ကို တိမ်းရှောင်ခိုင်းထားတယ်လို့ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၂၅ ရက်က စတင်ပြီး MDF နဲ့ စစ်ကောင်စီတပ်အကြား ထိတွေ့တိုက်ပွဲ ၂ ကြိမ်၊ ၂၆ ရက်မှာ ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ရေးအခြေအနေ တင်းမာနေပြီး တိုက်ပွဲတွေ အချိန်မရွေး ပြင်းထန်လာနိုင်တဲ့အတွက် အိမ်ထောင်စု ၃၀၀ ကျော်၊ လူဦးရေ ၁,၀၀၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ခိုင်းထားတယ်လို့ သိရပါတယ်။
MDF စစ်ဦးစီးချုပ်က “ပြည်သူတွေအတွက် စိုးရိမ်လို့ လုံခြုံရေးအတွက် မြို့အဝင်အထွက် ပိတ်ထားပါတယ်။ မြို့ခံတွေကိုပါ အန္တရာယ်ကင်းတဲ့ နေရာတွေကို ရှောင်ဖို့ ပြောထားပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲတွေအတွင်း လေကြောင်းက ခြိမ်းခြောက်တာတွေလည်း ပြုလုပ်နေပြီး တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။