အိန္ဒိယနိုင်ငံ၊ မီဇီုရမ်ပြည်နယ် ဝန်ကြီးချုပ်ဇိုရမ်းထန်ငါ နဲ့ ချင်းအမျိုးသားကောင်စီ-မင်းတပ် (CNC-Mindat) တို့ စက်တင်ဘာလ အစောပိုင်းက မီဇိုရမ်ဝန်ကြီးချုပ်ရုံးမှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ CNC-Mindat ထံမှ သိရပါတယ်။
ဆွေးနွေးပွဲမှာ စစ်ဘေးရှောင်အရေး၊ ၂ နိုင်ငံ နယ်စပ်ဖြတ်ကျော်ရေး၊ မူးယစ်ဆေးဝါး တားဆီးပိတ်ပင်ရေး စတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
CNC-Mindat အနေနဲ့လည်း တတ်နိုင်တဲ့ဘက်ကနေ အိန္ဒိယဗဟိုအစိုးရနဲ့ မီဇိုရမ်ပြည်နယ်အစိုးရတို့ကို ချင်းပြည်နယ်အတွင်း လုပ်ဆောင်လိုတဲ့ ကိစ္စတွေရှိရင်လည်း မြေပြင်ကို စိုးမိုးထိန်းချုပ်ထားတဲ့ အဖွဲ့တွေအနေနဲ့လိုအပ်တဲ့ အကူအညီပေးနိုင်ကြောင်းတွေလည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
CNC-Mindat တာဝန်ရှိသူ ဆလိုင်းယောမာန်က“အဓိကတော့ စစ်ဘေးရှောင်အရေးပေါ့နော် နယ်စပ်ဖြတ်ကျော်မှုတွေ၊ မူးယစ်ဆေးဝါးတွေ ဖမ်းမိနေတာတွေကို ဘယ်လို တားဆီးကြမလဲပေါ့ စတာတွေဆွေးနွေးခဲ့ကြတယ်၊ ဆွေးနွေးတယ်ဆိုရုံပါဘဲ သဘောတူညီမှုတွေ၊ ဆုံးဖြတ်ချက်တွေ ချတာမျိုးတော့ မရှိပါဘူး” လို့ ပြောပါတယ်။
မီဇိုရမ်ပြည်နယ် အစိုးရအနေနဲ့ ချင်းပြည်နယ်ဘက်က တိမ်းရှောင်လာတယ့် စစ်ဘေးရှောင်တွေကို အကူအညီတွေပေးနေပြီး ဆက်လက်ပြီးလည်း ပံ့ပိုးပေးသွားမယ်လို့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတယ့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ချင်းပြည်နယ်ဘက်ကနေ စစ်ဘေးတိမ်းရှောင် ခိုလှုံနေသူ ၅၀၀၀၀ ကျော်ရှိတယ်လို့ ချင်းပြည်အခြေစိုက်အဖွဲ့ အစည်းတွေထံက သိရပါတယ်။