ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းချိန် မိုးကြိုးပစ်ခတ်ခံရတာကြောင့် ဒေသခံသုံးယောက် မိုးကြိုးထိမှန်ခဲ့ပြီး ဒဏ်ရာတွေရရှိခဲ့ကာ နှစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတယ်လို့ ဒေသခံ ပရဟိတအသင်းတွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၆ ရက် နေ့လယ် ၂ နာရီခွဲခန့်က တောင်ကုတ်မြို့၊ မိချောင်းထိုးကျေးရွာထဲမှာ မိုးရွာသွန်းချိန် မိနစ် ၂ဝ လောက် တရစပ်မိုးကြိုးပစ်ခတ်ခဲ့လို့ ကံပိုင်ရပ်ကွက်နေ အသက် ၄ဝ ကျော် အမျိုးသားတဦး၊ သိမ်တောင်ရပ်ကွက်နေ ဦးသန်းဝင်းနဲ့ ဂူတာရပ်ကွက်နေ အသက် ၂၈ နှစ်အရွယ် ကိုကောင်းသီဟတို့ မိုးကြိုးထိမှန်ခဲ့တာပါ။
ကယ်ဆယ်ရာမှာပါဝင်ခဲ့တဲ့ ကိုညီလင်းဇော်က “မိုးကြိုးထိမှန်တာက အမျိုးသား ၃ ဦးပါ၊ ၂ ဦးက စိုးရိမ်အဆင့်လို့ သတ်မှတ်ထားပါတယ်။ သတိရတချက် မရတချက်ပါပဲ။ ပခုံး၊ လက်မောင်းနဲ့ ခါးအောက်ပိုင်း မီးလောင်သလိုဒဏ်ရာတွေနဲ့ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ မိုးသည်းနေတဲ့အချိန်မှာ မိနစ် ၂၀ လောက် တရစပ်ပစ်နေတာ၊ ပြီးမှ မိုးရွာတာရော မိုးကြိုးပစ်တာရော ရပ်သွားတာ” လို့ ပြောပါတယ်။
ဖြစ်စဥ်ဖြစ်ပွားပြီးပြီးချင်းမှာပဲ မိုးကြိုးထိမှန်ခဲ့သူတွေကို ရှင်သန်ရေးကူညီမှုအဖွဲ့ကားနဲ့ တောင်ကုတ် ခုတင် ၁၀၀ ဆေးရုံကို ပို့ဆောင်ပေးထားပြီး နောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးပါဘူး။
တောင်ကုတ်မြို့နယ်မှာ အရင်ကလည်း မိုးကြိုးပစ်ခံရတဲ့ ဖြစ်စဉ်တွေ များစွာရှိခဲ့တဲ့အထဲ ၁၉၈၆ ဇွန်လ ၁၅ ရက်တုန်းကတော့ မိုးကြိုးထိမှန်ပြီး လူ ၇ ဦးသေဆုံးတဲ့ ဖြစ်စဥ် ရှိခဲ့ဖူးပါတယ်။