လူ ၄ ယောက် သေဆုံးခဲ့တဲ့ ကိုဆိုဗားရဲတပ်ဖွဲ့နဲ့ ဆာ့ဘ်လူမျိုးရေး သေနတ်သမားတွေအကြား ပစ်ခတ်မှုမှာ ပါဝင်ပတ်သက်သူအားလုံးကို လွှဲပြောင်းပေးဖို့ စက်တင်ဘာ ၂၅ ရက်မှာ ကိုဆိုဗိုနိုင်ငံက ဆားဘီးယားနိုင်ငံကို တောင်းဆိုလိုက်ပါတယ်။
ကိုဆိုဗိုနိုင်ငံရဲ့ မြောက်ဘက်ခြမ်းမှာဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ပရစ်စတီးနားနဲ့ ဘဲလ်ဂရိတ်အကြား တင်းမာမှုတွေ ပိုမိုဆိုးရွားလာကာ နိုင်ငံမြောက်ပိုင်းမှာ မငြိမ်မသက် ဖြစ်နေပါတယ်။
ကိုဆိုဗိုပြည်ထဲရေးဝန်ကြီး ယယ်လာစ်ဗက်ကလာက “ကိုဆိုဗိုရဲတွေဟာ အရပ်သားမဟုတ်တဲ့ မျက်နှာဖုံးစွပ် အမျိုးသားတွေဆီက အလွန်ကို စနစ်တကျရှိတဲ့ တိုက်ခိုက်မှုများစွာကို ရင်ဆိုင်ခဲ့ရပြီး သူတို့တွေဟာ ဆားဘီးယားနိုင်ငံကနေ နိုင်ငံရေးအရ၊ ဘဏ္ဍာရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးအရ ကျွမ်းကျင်တဲ့ အထူးယူနစ်တွေ ဖွဲ့စည်းပြီးတော့ ပံ့ပိုးကူညီထားသူတွေ ဖြစ်တယ်” လို့ မစ်ထရိုဗီစာမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။
သေနတ်သမားတချို့ဟာ ဆားဘီးယားနိုင်ငံကို ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ယူဆရကြောင်းနဲ့ ရရှိထားတဲ့ အချက်အလက်တွေအရ ဒဏ်ရာရ အကြမ်းဖက်သမား ၆ ဦးကို ကိုဆိုဗိုမြောက်ပိုင်းနယ်စပ်အနီး ဆားဘီးယားနိုင်ငံတောင်ပိုင်း နိုးဗီပါဇာမြို့မှာ ဆေးရုံတင်ထားရကြောင်း ကိုဆိုဗိုပြည်ထဲရေးဝန်ကြီး ဗက်ကလာက မစ်ထရိုဗီစာမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။
ဆားဘီးယားအနေနဲ့ သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေအတွက် ရင်ဆိုင်စေဖို့ ဒီလူတွေကို ကိုဆိုဗိုအာဏာပိုင်တွေဆီ အမြန်ဆုံး လွှဲပြောင်းပေးဖို့လည်း တောင်းဆိုနေပါတယ်။
ကိုဆိုဗား ရဲတပ်ဖွဲ့က သေနတ်သမားတွေ အသုံးပြုခဲ့တဲ့ SUV အစီး ၂၀ လောက်နဲ့ သံချပ်ကာ ထရပ်ကားတစီးကို သတင်းထောက်တွေကို ပြသခဲ့ပါတယ်။
အဲဒီထဲက ယာဉ် ၃ စီးမှာ ကိုဆိုဗိုရှိ နေတိုးငြိမ်းချမ်းရေးထိန်းသိမ်းမှုအဖွဲ့ KFOR ရဲ့ အမှတ်အသားတွေ ပါရှိနေပါတယ်။
ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့တယ်လို့ဆိုတဲ့ လက်နက်ခဲယမ်းတွေကို ခင်းကျင်းပြသထားပြီး အဲဒီပစ္စည်းတွေထဲမှာ အရင် ယူဂိုဆလပ်စစ်တပ်ရဲ့ ချေမှုန်းရေးရိုင်ဖယ်သေနတ်တွေ၊ စက်သေနတ်တွေ၊ စနိုက်ပါရိုင်ဖယ်တွေ၊ မော်တာတွေ၊ တင့်ကားဖျက်ဒုံးပစ်လောင်ချာတွေ၊ လက်ပစ်ဗုံးတွေ၊ မြေမြှုပ်မိုင်းတွေနဲ့ ဒရုန်းတွေ ပါဝင်နေပါတယ်။
Source/Photo-Reuters