မွန်ပြည်နယ်၊ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးရှိ မြဝတီဘဏ်ဂိတ်စောင့်နေတဲ့ လုံခြုံရေးဂိတ် စက်တင်ဘာ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်က ပစ်ခတ်ခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတယောက်က "မြဝတီဘဏ်ရှေ့ ဆိုင်ကယ်တစီးနဲ့ လူငယ် ၂ ယောက်ရောက်လာပြီး တရစပ်ပစ်ခတ်ခဲ့တာ။ စစ်မှုထမ်းဟောင်း ဦးထွန်း နဲ့ ဘဏ်လုံခြုံရေးအစောင့် မြင့်ဦး သေဆုံးခဲ့တယ်။”
ပစ်ခတ်မှုအတွင်း သေဆုံးဒဏ်ရာရသူတွေကို လူနာတင်ယာဥ်ကားတွေနဲ့သယ်ဆောင်သွားပြီး စစ်ကောင်စီတပ်က အခင်းဖြစ်နေရာအပါအဝင် ရေးမြို့နယ်အဝင်အထွက်တွေမှာ ပိတ်ဆို့စုံစမ်းစစ်ဆေးနေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
မြဝတီဘဏ်အရှေ့မှာ လုံခြုံရေးချထားတဲ့ တပ်မ အမှတ် ၁၉ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရေးဘီလူးအဖွဲ့သားတွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ရေးဘီးလူးအဖွဲ့က ပြောပါတယ်။
စက်တင်ဘာ ၂၅ ရက်နေ့ ည ၇ နာရီလောက်ကလည်း ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအခြေစိုက် အမှတ် (၁၀၆) ခြေလျင်တပ်ရင်း ဂိတ်အား PDF က လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဆိုင်ကယ် ၂ စီးနဲ့ PDF ၄ ဦး လာရောက်ပစ်ခတ်တာကို စစ်တပ်ဂိတ်မှ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ နှစ်ဖက်ထိခိုက်ဒဏ်ရာရတာတော့ မရှိကြဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပံကျေးရွာ၊ ကုန်းပေါ်ကြီး ကူးတို့ဆိပ်ရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့အား စက်တင်ဘာ ၂၆ ရက် မနက် ၈ နာရီ မိနစ် ၄၀ ကျော်လောက်မှာ တော်လှန်ရေးအင်အားစုက တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့က ၁ ယောက် သေဆုံးပြီး ပျူစောထီး ၂ ယောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် G-3 ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ၇.၆၂ ကျည် ၆၂ တောင့်နဲ့ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရမိခဲ့ကာ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအပြီး မနက် ၁၀ နာရီလောက်မှာ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် အမတ ၃၁၀ က လက်နက်ကြီး ၆ လုံး၊ ဝေါမြို့နယ်၊ ပေါက်တန်းရွာမှ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့တာကြောင့် ကျွန်းရွှေဝါသောင်ရှိ စပါးခင်းထဲ လက်နက်ကြီး ၁ လုံး ကျရောက်ပေါက်ကွဲကာ စပါးခင်းတွေ ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဝေါမြို့နယ်၊ လက်ပံကျေးရွာမှာ ပျူစောထီးသင်တန်းဆင်းတွေ ရှိနေပြီး ပျူခေါင်းဆောင်တွေဖြစ်တဲ့ အောင်ကြီး၊ ကျော်သူဝင်း၊ မြင့်သိန်းနဲ့ ငမိုးတို့ ဦးဆောင်ကာ ရွာသူရွာသားတွေကို အနိုင်ကျင့်နှိပ်စက်တာတွေ မကြာခဏပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေနဲ့ ပူးပေါင်းကာ တအိမ် ၁ ယောက်နှုန်း တနေ့ ၅ အိမ် ရွာအဝင်အထွက် ကင်းစောင့်ခိုင်းကြောင်း၊ ကင်းမစောင့်နိုင်ပါက တအိမ် ၁၂၀၀၀ ကျပ်နှုန်း အတင်းအဓမ္မ ငွေညှစ်တယ်လို့ ဆိုပါတယ်။