Home
မြန်မာသတင်း
ဒီပဲယင်း ညောင်လှကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်
DVB
·
September 26, 2023
DePeYin NyaungHlaVillage AirStrike 26092023

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာကို စစ်ကောင်စီတပ်က  စက်တင်ဘာ ၂၆ ရက် ဒီနေ့မနက် ၁၁ နာရီကျော်လောက်မှာ တိုက်လေယာဉ်နဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်သွားတယ်လို့  ဒေသခံတွေဆီက ပြောပါတယ်။

Mi35 တိုက်လေယာဉ်နဲ့ လာရောက်တိုက်ပစ်ခတ်သွားတာဖြစ်ပြီး အဆိုပါလေယာဉ်ဟာ မုံရွာမြို့ နမခ တပ်ကနေ လာရောက်ပစ်ခတ်တာဖြစ်တယ်လို့  ဒေသခံတွေက ပြောပါတယ်။

ညောင်လှကျေးရွာသားတဦးက “အထိအခိုက်ကတော့ လတ်တလော ဘာမှ အတည်ပြုလို့ မရသေးဘူး။ လေယာဉ်နဲ့ပစ်တာကတော့ တနာရီလောက်ကြာတယ်။ ကိုယ်တွေတောင် ထန်းပင်ကိုပတ်ပြီး ကွယ်ပုန်းနေရတယ်ဗျ။ မြေပြင်မှာလည်း စစ်ကြောင်းက ရှိနေသေးတယ်။ အဲဒီစစ်ကြောင်းက လေယာဉ်နဲ့ ပစ်ခတ်ပေးတာကြောင့် အခု ကျနော်တို့ ညောင်လှရွာထဲ ဝင်သွားပြီဗျ။ နောက်ထပ်လည်း လေယာဉ် ၂ စီး တက်လာတယ်လို့ သတင်းတွေလည်း ကြားနေရတာမို့ ဘာတွေထပ်ဖြစ်လာမလဲလို့ စိုးရိမ်စိတ်နဲ့ နေထိုင်နေရတယ်” လို့ ပြောပါတယ်။

အခုလို ညောင်လှရွာကို လေကြောင်းကနေ ပစ်ခတ်လို့ ညောင်လှရွာက ဒေသခံတွေနဲ့အတူ အနီးပတ်ဝန်းကျင်က မူးခံတွင်း၊ လက်ယက်ကုန်း၊ သစ်တုံကျေးရွာက ဒေသခံတွေ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်ယက်ကုန်းဒေသခံ ရွာသားတဦးကလည်း “ဒီနေ့မနက် စစ်ကောင်စီတပ်က မူးခတွင်းရွာကနေ ညောင်လှဘက်ထွက်လာတဲ့ အချိန်မှာ တိုက်ပွဲဖြစ်ကြသေးတယ်။ အဲလို တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အကျအဆုံးများလို့ နေမယ်ဗျ၊ အခု လေယာဉ်နဲ့ လာပစ်နေတယ်။ သူတို့ အဓိက ပစ်မှတ်ထား ပစ်နေတာက ညောင်လှရွာနဲ့ ရွာအနီးကို ပစ်နေတာ။ နာရီဝက်လောက်အထိ ကြာနေပြီ၊ အခုထိ ပစ်နေဆဲပါ” လို့ ပြောပါတယ်။

ဒေသခံရွာသားတွေကတော့ မြေပြင်စစ်ကြောင်းထိုးလာတဲ့ စက်တင်ဘာ ၂၅ ရက်ကတည်းက ကျေးရွာအတွင်းကနေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

၂၀၂၂ စက်တင်ဘာ ၁၆ ရက်ကလည်း ညောင်လှရွာအနီးက လက်ယက်ကုန်းရွာကို စစ်ကောင်စီက ပစ်ခတ်လို့ ကျောင်းသားကလေးငယ် အများအပြား သေဆုံးခဲ့ရပြီး ဒေသခံ ရွာသားတချို့လည်း ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

လက်ရှိ စစ်ကောင်စီ မြေပြင်စစ်ကြောင်းနဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တို့ နှစ်ဖက် စစ်ရေးအခြေ‌အနေ တင်းမာနေဆဲဖြစ်ပြီး မနက်ခင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအသေးစိတ်ကို နှစ်ဖက်စလုံးက တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024