Home
မြန်မာသတင်း
တောင်ကုတ်တွင် နေအိမ်နှင့် စျေးဆိုင်ခန်းအချို့ကို စစ်ကောင်စီက ဖယ်ရှားခိုင်း
DVB
·
September 26, 2023
TaungGoke home shop remove by SAC 26092023 1
TaungGoke home shop remove by SAC 26092023 2
TaungGoke

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ သင်္ဘောဆိပ်လမ်း ညစျေးတန်းက နေအိမ်တချို့နဲ့ စျေးဆိုင်ခန်းတွေကို စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထား ဖယ်ရှားပေးဖို့ စစ်ကောင်စီက သတိပေးထုတ်ပြန်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာတွေက လမ်းအထူးအမိန့်ကြေညာစာနဲ့ ပြည်ထောင်စုလမ်းမကြီးပေါ် ကျူးကျော်ဆောက်လုပ်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖယ်ရှားခိုင်း​တာလို့ စျေးရောင်းချနေသူတဦးက ပြောပါတယ်။

“လမ်းကို ဟိုဘက်ဒီဘက် ပေ ၅၀ စီ ချဲ့ဖို့ဆိုပြီး မလွတ်တဲ့ဆိုင်ခန်းတွေကို ဖြိုခိုင်းတာပါ။ ကျူးကျော်ဆောက်လုပ်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖယ်ရှားခိုင်း​တာ။ ဌာနဆိုင်ရာကလည်း လမ်းပေါ်ထိ ဆောက်ထားတဲ့ စျေးဆိုင်ခန်းတွေကို လမ်းချဲ့ရင် ရွှေ့ပေးရမယ်ဆိုပြီး စာထွက်ထားတယ်။ တချို့က မိုးတွင်းမို့လို့ အသနားခံစာ လက်မှတ်ထိုး တင်ပြထားတယ်။”

ရခိုင်ပြည်နယ်၊ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ ၁၈ က တာဝန်ယူဆောင်ရွက်နေတဲ့ ပြည်(နဝဒေး)-တောင်ကုတ် (ပြည်ထောင်စုလမ်းပိုင်း) လမ်း၊ လမ်းနယ်နိမိတ်အကျယ် ၁၅၀ ပေအတွင်း ကျူးကျော်ဆောက်လုပ်ထားတဲ့ နေအိမ်တွေနဲ့ စျေးဆိုင်ခန်းတွေကို ဖယ်ရှားပေးဖို့ သတိပေးစာတွေ ပေးပို့ခဲ့ပါတယ်။

အခုလို နေအိမ်တွေနဲ့ စျေးဆိုင်ခန်းတွေ ဖျက်ခိုင်းတာဟာ လမ်းဧရိယာတိုးချဲ့ဖို့လို့ စစ်ကောင်စီ ဌာနဆိုင်ရာက ပြောနေပေမဲ့ သဘာဝဓာတ်ငွေ့တူးဖော်ဖို့ တရုတ်နိုင်ငံနဲ့ ၁၅ နှစ် စာချုပ် ချုပ်ဆိုထားတဲ့အတွက် စီမံကိန်းဧရိယာနဲ့ မလွတ်တာကြောင့် ဖယ်ရှားခိုင်းတာလို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024