ကရင်နီ (ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားခဲ့တဲ့ ကျေးရွာအတွင်း နေအိမ်ပြန် ကြည့်တဲ့ ဒေသခံ အရပ်သား အမျိုးသမီးတယောက် မိုင်းနင်းမိပြီး သေဆုံးခဲ့ရတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ကျေးရွာတွေအတွင်း ဝင်ရောက်တာ၊ နေအိမ်ပြန် ကြည့်တာတွေ၊ လုံးဝမပြုလုပ်ကြဖို့ KNDF က မေတ္တာရပ်ခံထားပါတယ်။
စက်တင်ဘာ ၂၄ ရက်က ဖရူဆိုမြို့နယ်တွင်း စစ်ကောင်စီ စစ်ကြောင်းတွေ အထိုင်ချတပ်စွဲ သွားခဲ့တဲ့ လောကျေခူရွာဟောင်းကျေးရွာထဲကို အသက် ၅၀ ဝန်းကျင် ဒေသခံအမျိုးသမီးတယောက်က ဝင်ရောက်ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ထောင်ထားခဲ့တဲ့ မိုင်းနင်းမိခဲ့ကာ ခြေထောက်ပြတ်ထွက် ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ တာလို့ ဆိုပါတယ်။
လောကျေခူရွာဟောင်း ကျေးရွာထဲမှာ စစ်ကောင်စီစစ်ကြောင်းတွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်က စတင်ကာ သီတင်း ၁ ပတ်ကြာ တပ်စွဲသွားခဲ့ပြီး ကျေးရွာထဲမှာ မိုင်းတွေ နေရာအနှံ့ ထောင်ထားခဲ့ကာ ထိတွေ့တိုက်ပွဲတွေလည်း ဖရူဆို-ဘောလခဲ လမ်းမကြီး တလျှောက် ဒီကနေ့ထိ ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ KNDF က ပြောပါတယ်။
တော်လှန်ရေး ၂ နှစ်တာအတွင်း ကရင်နီပြည်မှာ တိုက်ပွဲအကြိမ်ရေ ၁၀၀၀ ကျော်ထိဖြစ်ပွားခဲ့ကာ စစ်ကောင်စီရှေ့တန်းစခန်း ၁၀ ခုထိ သိမ်းပိုက်နိုင်ခဲ့ တယ်လို့ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
လတ်တလောမှာတော့ ကရင်နီပြည်အတွင်း စစ်ကောင်စီတပ်ရဲ့ အုပ်ချုပ်ရေးယန္တရားဟာ လွိုင်ကော်မြို့တမြို့တည်းမှာသာကျန်ရှိပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ဘောလခဲမြို့တွေမှာ လူသူကင်းမဲ့ကာ စစ်ကောင်စီတပ်ရင်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင် တွေသာ ကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ စစ်ကောင်စီတပ်တွေဟာ သူတို့ တပ်စွဲသွားတဲ့ ကျေးရွာတွေထဲမှာ ဒေသခံ ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ၊ တန်ဖိုးကြီး ပစ္စည်းတွေကို ယူဆောင် သွားတာတွေ၊ ကျေးရွာထဲက ထွက်ခွာသွားချိန်မှာ မိုင်းတွေထောင် ထားခဲ့တာတွေကို ဆက်လက်လုပ်ဆောင်နေကြတာမို့ ပြည်သူတွေ သတိထား နေထိုင်ကြဖို့ မြေပြင်တော်လှန်ရေးအဖွဲ့တွေကရော အရပ်ဘက်အဖွဲ့အစည်းတွေကပါ နှိုးဆော်နေကြပါတယ်။