စစ်ကောင်စီတပ်တွေကို ကျုပ်တို့ ဘာအတွက် တော်လှန်နေကြသလဲ။ တချို့က ပြည်သူ့ခေါင်းဆောင်တွေကို ဖမ်းဆီးသွားလို့ တော်လှန်တယ် ပြောမယ်။ တချို့က ပြည်သူတွေရဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုလို့ တော်လှန်တယ် ပြောမယ်။ တချို့က ဘယ်တုန်းကမှ ကောင်းကျိုးမပေးတဲ့ စစ်တပ်ဖြစ်လို့ တော်လှန်တယ် ပြောကြမယ်။ အဖြေအမျိုးမျိုး ဖြစ်ပေမဲ့ အဲဒီအကြောင်းပြချက်တွေ အားလုံးဟာ အကုန်အမှန်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအကြောင်းပြချက်တွေအားလုံးရဲ့ နောက်ကွယ်မှာ အဓိကကျတဲ့ အကြောင်းအရင်းကြီးတခု ရှိပါတယ်။ ဘာလဲဆိုရင် လက်နက်အားကိုးနဲ့ လက်နက်မဲ့ ပြည်သူတွေအပေါ် ဗိုလ်ကျချင်တဲ့ အယူအဆပဲ ဖြစ်ပါတယ်။ စစ်တပ်ဆိုတဲ့ အဖွဲ့အစည်းဟာ တလျှောက်လုံး အဲဒီအယူအဆကို ကိုင်စွဲလာခဲ့တာပါ။ အဲဒီဝါဒနဲ့ပဲ တိုင်းပြည်ကို တလျှောက်လုံး အနိုင်ကျင့် လွှမ်းမိုးခဲ့တာပဲ ဖြစ်ပါတယ်။ ငါတို့မှာ လက်နက်ရှိတယ်။ ငါတို့ ကြိုက်သလို စီမံလို့ရတယ်။ တိုင်းပြည်က ပြည်သူတွေဟာ ငါတို့လက်ခုပ်ထဲကရေ ဖြစ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကိုလည်း အဲဒီ လက်နက်အားကိုး ဗိုလ်ကျစိုးမိုးရေးဝါဒနဲ့ ဖိနှိပ်ခဲ့တာ ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်တုန်းကလည်း ဒီမိုကရေစီအစိုးရကို အဲဒီလိုနည်းနဲ့ပဲ ပြန်ပေးဆွဲပြီး ပြည်သူလွှဲအပ်ထားတဲ့ အာဏာကို လုယူခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ပြည်သူရွေးကောက်တဲ့ ပြည်သူ့အစိုးရအဖွဲ့ဝင်တွေကိုပဲ အဲဒီလိုလုပ်ခဲ့တာ မဟုတ်ပါဘူး။ နိုင်ငံတော်အာဏာကို ပိုင်ရှင်တွေဖြစ်ကြတဲ့ ပြည်သူတွေကိုလည်း လက်နက်အားကိုးနဲ့ ခေတ်အဆက်ဆက် အနိုင်ကျင့်ခဲ့တာပါ။ ၁၉၆၂၊ ၁၉၇၄၊ ၁၉၈၈၊ ၂၀၀၇ ဆိုတဲ့ ထင်ရှားကြီးမားတဲ့ အဖြစ်အပျက်တွေက သမိုင်းသက်သေတွေပဲ ဖြစ်ပါတယ်။ အဲဒီ လက်နက်အားကိုး ဗိုလ်ကျစိုးမိုးရေး ဝါဒကြောင့်သာ တိုင်းပြည်ဟာ သွေးအလိမ်းလိမ်း လူးခဲ့ရ၊ လွတ်လပ်ခွင့်တွေ ပျောက်ဆုံးခဲ့ရတယ်။ အရှိန်ရစပြုလာတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဟာလည်း တခဏချင်းအတွင်း အငွေ့ပြန်သွားခဲ့ရတယ်။ ဘဝတွေ၊ အိပ်မက်တွေ၊ အသက်တွေဟာ အဲဒီ လက်နက်အားကိုး ဗိုလ်ကျစိုးမိုးရေးဝါဒအောက်မှာ ကွဲကြေပျက်စီးခဲ့ရတယ်။
ဒီတကြိမ် ၂၀၂၁ မှာ ယခင်သမိုင်းခေတ်အသီးသီးနဲ့ မတူဘဲ ပြည်သူတွေဟာ ခေတ်အဆက်ဆက် ဒုက္ခပေးခဲ့တဲ့ စစ်တပ်ဆိုတဲ့ အဖွဲ့အစည်းကို အမြစ်ဖြတ်မှ ဖြစ်တော့မယ်ဆိုပြီး ညီညီညွတ်ညွတ်၊ ဇွဲသတ္တိရှိရှိ တော်လှန်နေကြပါတယ်။ လက်နက်ရှိတိုင်း ထင်တိုင်းကြဲ အာဏာသိမ်းလိုက်၊ ပြည်သူကိုသတ်လိုက်နဲ့ လုပ်နေတဲ့ စစ်တပ်ကို ဒီတချီတော့ အမြစ်ဖြတ် တော်လှန်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါဟာ လက်နက်အားကိုး ဗိုလ်ကျစိုးမိုးရေး အယူအဆကို ချေဖျက်ဖို့ ကြိုးပမ်းကြတာဆိုလည်း ဟုတ်ပါတယ်။ တနည်းဆိုရရင် လက်ရှိ နွေဦးတော်လှန်ရေးဟာ အာဏာသည် သေနတ်ပြောင်းဝက ထွက်သည်ဆိုတဲ့ အယူဝါဒကို ချေဖျက်နေတာ ဖြစ်တယ်။ တပြိုင်တည်းမှာ အာဏာသည် ပြည်သူဆီက ဆင်းသက်လာတယ်ဆိုတဲ့ ယုံကြည်ချက်ကို အသက်၊ သွေး၊ ချွေးတွေနဲ့ သက်သေပြနေကြတာ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးဟာ နှစ်နှစ်ခွဲကျော်လာခဲ့ပြီ။ အခုထက်ထိ အရှိန်မဟုန် မကျသေးပါဘူး။ မြို့ပေါ်က လူအုပ်ကြီးကို ကြည့်ပြီး တော်လှန်ရေးက တန့်သွားပြီ၊ တော်လှန်ရေးက ဒီရေကျသွားပြီဆိုရင် မှားပေမပေါ့။ အဲဒီ မြို့ကြီးတွေမှာနေရင်း မမြင်နိုင်တဲ့ လက်တွေနဲ့ တော်လှန်ရေးအတွက် ထည့်ဝင်နေကြသူတွေ အများကြီးရှိပါတယ်။ ဖုန်းဆိုးမြေ၊ မီးလောင်မြေကနေ တော်လှန်ရေးအတွက် ထည့်ဝင်နေကြသူတွေ ဒုနဲ့ဒေးပါ။ လူအုပ်ကြီးကို မကြည့်ဖို့၊ လူထုကို မြင်အောင်ကြည့်ဖို့ လိုပါတယ်။ ပြည်သူတွေက အဲဒီလို ညီညွတ်ကြပါတယ်။ ဒါပေမဲ့ တော်လှန်ရေးအဖွဲ့တချို့ကြောင့်၊ သူတို့ကြား အခုထိ ညီညွတ်ရေးမရှိတာတွေကြောင့် ပြည်သူတွေ စိတ်ညစ်ကြရပါတယ်။ အပြောကောင်း၊ အဟောကောင်းပေမဲ့ လက်တွေ့ ဘာမှမရှိတဲ့ တော်လှန်ရေးအဖွဲ့တွေကြောင့် ပြည်သူတွေ စိတ်ပင်ပန်းကြရပါတယ်။ အဲဒီ ပူမှုရယ်တဲ့ ဆယ်ကုဋေကြားထဲမှာ ပြည်သူကိုကာကွယ်ဖို့ လက်နက်ကိုင်ထားကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့တချို့လည်း ပါဝင်တယ်။ သူတို့ဟာ အချိန်ကြာလာတာနဲ့အမျှ လက်နက်ကိုင်ရတဲ့ အရသာကို တွေ့လာကြတယ်။ အာဏာယစ်မူးချင်လာကြတယ်။ လက်နက်နဲ့ အရာရာကို ဆုံးဖြတ်ချင်လာတယ်။ တချို့ဆို လက်နက်ပြ ခြိမ်းခြောက်ပြီး အကာအကွယ်ပေးရမဲ့ ပြည်သူကိုတောင် အတင်းအကျပ် လုပ်လာကြတယ်။ ဒါဟာ လက်နက်နဲ့အုပ်ချုပ်ဖို့ ကြိုးစားလာတာပါပဲ။ ဒါဟာ လက်နက်ကိုင် ဗိုလ်ကျရေးလမ်းစဉ်ရဲ့ အစအဦးပဲ ဖြစ်ပါတယ်။ ဒါဟာ ကိုယ်မကြိုက်လို့ တော်လှန်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အမူအကျင့်တွေကို ကျင့်သုံးလာတာပဲ ဖြစ်ပါတယ်။ တချို့ဆိုရင် ပြည်သူ့ထောက်ပံ့ငွေတွေနဲ့ အင်အားကောင်းလာပြီးတဲ့နောက်မှာ ပြည်သူရွေးကောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရဆိုတဲ့ ကြားဖြတ်အစိုးရအဖွဲ့ ရှိနေရဲ့သားနဲ့ လက်နက်အားကို အမှီပြုပြီး တစင်ထောင်ဖို့ ကြိုးစားလာကြပါတယ်။ တစင်ထောင်ဖို့ ကြိုးစားလာရတယ်လို့ ပြောရတာက သူတို့ဟာ ပြည်သူ့အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာလည်း မရှိ။ ပြည်သူ့အစိုးရကိုလည်း အမြဲလိုလို တိုက်ခိုက်နေပါတယ်။ သူတို့ဟာ မဟာမိတ် တိုင်းရင်းသားအင်အားစုတွေရဲ့ ထိန်းချုပ်မှုအောက်မှာလည်း လက်မခံဘဲ ငါ့မြင်း၊ ငါ့စိုင်း စစ်ကိုင်းရောက်ရောက်ဆိုတဲ့ အချိုးတွေ ချိုးလာကြလို့ပါပဲ။ ဒါဟာ ပြည်သူ့အာဏာနဲ့ သွေဖည်တဲ့လုပ်ရပ်တွေ ဖြစ်ပါတယ်။ ပြည်သူ့အစိုးရ၊ ပြည်သူ့အာဏာကို အကြမ်းဖက်စစ်တပ်လို မထီမဲ့မြင်လုပ်တာပဲ ဖြစ်ပါတယ်။ ဒီလိုပြောလို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည့်စုံတဲ့အစိုးရ ဆိုလားဆိုတော့ မဟုတ်ပါဘူး။ ပြည့်စုံတဲ့ အစိုးရ၊ ခြောက်ပစ်ကင်းသဲလဲစင် အစိုးရ ဆိုတာ လူသားကမ္ဘာမှာ မရှိပါဘူး။ ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထိပ်တန်းတင်မက အောက်ခြေမြေပြင်က အဖွဲ့ဝင်တွေမှာလည်း ပုံစံမကျတဲ့သူတွေ၊ ထောင့်မကျိုးတဲ့သူတွေ၊ ဘဝင်မြင့် ပလွှားနေတဲ့သူတွေ မလွဲဧကန် ရှိကြမှာပါ။ ရှိလည်း ရှိကြပါတယ်။ ဒါပေမဲ့ အဲဒီလို တစိတ်တပိုင်း မကောင်းရုံနဲ့တော့ တခုလုံးကို ဖြုတ်လဲစရာ မလိုပါဘူး။ အဲဒီလို လူတစု မကောင်းရုံနဲ့ တစင်ထောင်စရာ မလိုပါဘူး။ အကြမ်းဖက်စစ်တပ်က သတ်မှတ်ဆက်ဆံသလို အမျိုးသားညီညွတ်ရေးအစိုးရကို သဘောထားဆက်ဆံဖို့ မလိုပါဘူး။
နောက်ပြီး လက်နက်ကိုင်တပ်ဖွဲ့ ဆိုတာဟာ ပြည်သူကို အကာအကွယ်ပေးဖို့အတွက်သာ ဖြစ်ရပါမယ်။ တခြားသော ကိုယ်နဲ့မဆိုင်တဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကိစ္စတွေမှာ ယောင်လို့တောင် ဝင်စွက်ဖက်လို့ မရပါဘူး။ ငါ့မှာ လက်နက်ရှိတယ်၊ ကိစ္စတိုင်းကို ဝင်ရောက်ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်ဆိုတာနဲ့ အဲဒီလက်နက်ကိုင်အဖွဲ့ဟာ အာဏာကို အလုံးစုံချုပ်ကိုင်မယ့် လက်နက်အားကိုးတဲ့ အာဏာရှင်တွေ ဖြစ်လာတော့တာပါပဲ။ ဒါ့အပြင် လက်နက်ကိုင်စစ်တပ် ဆိုတာ အရပ်သားအစိုးရရဲ့ လက်အောက်မှာ တည်ရှိရမှာ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ အရပ်သားအစိုးရရဲ့ လက်အောက်မှာ ဘယ်တုန်းကမှ မတည်ရှိခဲ့တဲ့အတွက် တိုင်းပြည်ဟာလည်း စစ်တပ်ရဲ့ပြုသမျှ ခံခဲ့ကြရတာပါ။ ဒီအတွက်လည်း ခေတ်အဆက်ဆက်မှာ အဲဒီစစ်တပ်အဖွဲ့ရဲ့ ရာဇဝတ်မှုတွေကို ဘယ်အစိုးရကမှ အရေးမယူနိုင်ခဲ့တာပါ။ ငရဲခွေးကြီး လွတ်နေတာ နှစ်ပေါင်းခြောက်ဆယ် ကျော်ခဲ့ပါပြီ။
ကျုပ်တို့ ဘာကိုတော်လှန်နေသလဲ မေးရင် စစ်အုပ်စုကို တော်လှန်နေတာပါ။ လက်နက်အားကိုး ဗိုလ်ကျစိုးမိုးနေတဲ့ စစ်အုပ်စုကို တော်လှန်နေတာပါ။ ဒါကို မမေ့ကြစေလိုပါဘူး။ ကိုယ်မကြိုက်တဲ့ဟာကို တော်လှန်ကြရင်း တဖြည်းဖြည်းချင်းနဲ့ လက်နက်အားကိုး ဗိုလ်ကျစိုးမိုးသူတွေ ဖြစ်မလာဖို့ အထူးသတိပြုကြဖို့ လိုအပ်ပါတယ်။ အစကတော့ ကိုယ်မကြိုက်တာကို တော်လှန်ကြတာပါပဲ။ နောက်တော့ တော်လှန်ရင်း၊ ပြောင်းလဲဖို့ ကြိုးစားရင်း ကိုယ်ကိုယ်တိုင်က ကိုယ်မကြိုက်တဲ့သူတွေလို ဖြစ်လာကြတာပါပဲ။ ဒါကို ကမ္ဘာ့သမိုင်းမှာ အလယ်ခေတ်က ရိုမန်ကက်သလစ် ခရစ်ယာန်အဖွဲ့အစည်းတွေ၊ အာဏာရှင်ဆန်လာတဲ့ ကွန်မြူနစ်ပါတီတွေကို ကြည့်ရင် သိနိုင်ပါတယ်။ မြန်မာ့တပ်မတော်သည်ပင်လျှင် အဲဒီလို အဖွဲ့အစည်းပါပဲ။ ပြည်သူကို အကာအကွယ်ပြုဖို့ တာဝန်ရှိတဲ့ အဖွဲ့အစည်းဟာ တဖြည်းဖြည်းချင်းနဲ့ ပြည်သူကို ဖိနှိပ်ညှဉ်းပန်းတဲ့ အဖွဲ့အစည်းအဖြစ် ရောက်ရှိသွားခဲ့ရတာပါပဲ။ ပြည်သူသာ အမိ၊ ပြည်သူသာ အဖ ကနေ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ ဆိုတာမျိုး ဖြစ်သွားခဲ့တာပါပဲ။ သမိုင်းသင်ခန်းစာတွေ ရှိခဲ့ပြီးသားမို့ လက်ရှိ မြန်မာပြည်မှာလည်း ဒီလိုမျိုးတွေ ထပ်မပေါ်ကြဖို့ အရေးကြီးပါတယ်။ တနည်းဆိုရရင် ဘာအတွက် တော်လှန်ကြသလဲဆိုတဲ့ ပဓာန ရည်ရွယ်ချက်ကို တချို့သော လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အချိန်ရှိတိုင်း ပြန်မေးပြီး ပြန်ဖြေကြဖို့ လိုပါတယ်။ လာရာလမ်းကို မေ့မသွားကြဖို့ လိုအပ်ပါတယ်။