Home
အနုပညာ
လက်ရှိကာလကို ထင်ဟပ်နေသည့် ဖြူဖြူကျော်သိန်း သီချင်းသစ်- “ကောက်ရိုးမီး”  (ရုပ်သံ)
DVB
·
September 26, 2023
Phyu Phyu Kyaw Thein_26092023

တော်လှန်အနုပညာရှင် အဆိုတော် ဖြူဖြူကျော်သိန်း ကိုယ်တိုင်ရေး၊ ကိုယ်တိုင်တီးခတ် သီဆိုထားတဲ့ “ကောက်ရိုးမီး”  သီချင်းသစ်ကို ယူကျုပေါ်မှာ စက်တင်ဘာ ၂၄ ရက်က စတင်ဖြန့်ချိလိုက်ရာမှာ ပရိသတ်တွေကြား ရေပန်းစားနေပြီး  ရက်ပိုင်းအတွင်း ကြည့်ရှုသူ ၃၁၇၀၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

 

“$သုံးမကျတဲ့နွားတွေ… ကျွန်စိတ်အတိနဲ့ဖားတွေ… ဘယ်သူသေသေ ငတေမာရင် ပြီး ရောလေ… သေပေးနေရတဲ့အသက်တွေ… ပျက်စီးသွားတဲ့ဘဝတွေ… ဘယ်လိုရင် ဆိုင်ကာ ပုံမှန်နေနိုင်လဲ မသိတယ်…” စတဲ့စာသားတွေကတော့ လက်ရှိ  မြန်မာနိုင်ငံရဲ့ အခြေအနေကို ထင်ဟပ်တဲ့ ဖြူဖြူကျော်သိန်းရဲ့ သီချင်းသစ်တပုဒ်ထဲက တေးသွားစာသားတွေဖြစ်ပါတယ်။

ဒီသီချင်းကိုတော့ ဖြူဖြူကျော်သိန်းကိုယ်တိုင် ရေးသားသီဆိုထားခဲ့တာဖြစ်ပြီးတော့ လတ်တလော နွေဦးတော်လှန်ရေးကာလမှာ “ဘယ်သူသေသေ ငတေမာပြီးရော” စိတ်ဓာတ်နဲ့ မျောပါနေကြသူတွေအကြောင်းကို ထင်ဟပ်နေတာ ဖြစ်ပါတယ်။   

“မရှက်တတ်ကြသူတွေ… နှလုံးသားမရှိသူတွေ… ရက်ရက်စက်စက် သူများရဲ့ အ သက်အပေါ် လောင်းကြေးထပ်ကာ ပျော်ပါးတတ်ကြသူတွေ…စာနာစိတ်မဲ့ကြသူ တွေ… တကိုယ်ကောင်းစိတ်ကြီးသူတွေရေ… အတ္တကြီးနဲ့ ကောက်ရိုးမီးဖြစ်ကာ ကိုယ့် ကလွဲရင် ဘာမှမမှုသူတွေ… နင်တို့တွေ… ငါတို့တွေ… နင်တို့တွေ… $ကျင့်ယုတ်သူတွေ…”

အသက် ၄၂ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဖြူဖြူကျော်သိန်းဟာ ဆရာဝန်တယောက်လည်း ဖြစ်ပြီး ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ “လုံးဝမသက်ဆိုင်တော့ပါ” တကိုယ်တော် တေးအယ်လ်ဘမ်နဲ့ ဂီတလောကထဲကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ 

အဲဒီနောက်မှာတော့ သူမတူတဲ့ အမိုက်စား သရုပ်ဖော်တင်ဆက်မှုတွေဟာ ပရိသတ်တွေကြား ထင်ရှားလာခဲ့ပြီး ဆယ်စုနှစ်ချီ အောင်မြင်ခဲ့သူ အဆိုတော်တယောက် ဖြစ်လာခဲ့တာပါ။ 

သူသီဆိုထားတဲ့ လမ်းခွဲ၊ ချယ်ရီလမ်း၊ အရှုံးထက်ပိုသော၊ လှည့်စားလိုက်စတဲ့ သီချင်းတွေဟာ ထင်ရှားသလို တခြားအဆိုတော်တွေနဲ့ တွဲဖက်သီဆိုမှုတွေဖြစ်တဲ့ အတွင်းကြေ၊ ငါဘုရင်မ စတဲ့ သီချင်းတွေနဲ့လည်း အောင်မြင်မှုတွေ ရရှိခဲ့ပြီးနောက် ထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာလည်း ဒိုင်အနေနဲ့ ပါဝင် ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှာတော့ ပြည်သူ့ဘက်က ရပ်တည်ပြီးတော့ အာဏာဖီဆန်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာကြောင့် စစ်အုပ်စုက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခဲ့တာမို့ တိမ်းရှောင်ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။

ခုလတ်တလော ထွက်ရှိလာခဲ့တဲ့ “ကောက်ရိုးမီး” သီချင်းနဲ့ ပတ်သက်ပြီးတော့ ဖြူဖြူ ကျော်သိန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ခုလိုရေးသားမျှ ဝေထားပါတယ်။

“ခုတလော မြင်နေတွေ့နေ ကြားနေရတာတွေက အဆင်မပြေလှဘူး။ ပြောပြန်ရင်လည်း “မနာလိုလို့” ဆိုတဲ့ ခပ်ညံ့ညံ့အကွက်နဲ့ ရန်တိုက်ခံရဦးမယ်။ လူများစုကလည်း ယုံလွယ်၊ သနားလွယ်၊ ဖြည့်တွေးလွယ်ရှာလေတော့…ကိုယ့်အိုင်ဒေါတွေကို ကာကွယ်ပေးဖို့ဆိုရင် သူတို့ဘဝနွံနစ်နေတာကိုတောင်သတိမထားနိုင်ရှာပဲ၊ ထောက်ပြ ပြောဆိုသူတွေကိုသာ  မုန်းတီးရန်လိုကြဦးမယ်။ ဒီလိုနဲ့ပဲ…ပြောချင်တာတွေကို မျိုသိပ်ထားရင်း သီချင်းရေးဖို့ စိတ်ကို ထွက်ပေါက်ပေးမိတယ်။ ထွက်လာတဲ့သီချင်းက (ကိုယ့်အတွက်တော့) ဖြူဖြူကျော်သိန်းဘဝမှာ ဆိုဖူး ရေးဖူးသမျှထဲ အရိုင်းဆုံးပဲ။ ကြိုပြောထားတယ်နော်…နည်းနည်းရိုင်းမယ်လို့။ ပြီးတော့မှ “တို့ဖြူဖြူလေး ရိုင်းလှချေလား” ဆိုပြီး လာမပြောနဲ့။ ယူတို့ဖြူဖြူလေး ခုလိုစကားလုံးတွေ ကြမ်းသွားအောင် ဘယ်သူတွေလုပ်လိုက်တာလဲ ဆိုတာပဲ နှလုံးသားနဲ့ခံစားပြီး မြင်အောင် ကြည့်ပါလို့။ သီချင်းနာမည်က အယဉ်ဗားရှင်းဆိုရင် “ကောက်ရိုးမီး”၊ အရိုင်းဗားရှင်း ဆိုရင်တော့ Chorus ရဲ့ နောက်ဆုံးစာကြောင်းပဲ။ သီချင်းစဆုံးနားထောင်ချင်ရင်တော့ ကွန်မန့်မှာ ကြည့်ပါနော်။”

လက်ရှိကာလမှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူ ထားခဲ့တဲ့ ကာလဟာ ၂ နှစ်ခွဲနီးပါး ကြာမြင့်လာခဲ့ပြီဖြစ်သလို အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

စစ်အာဏာသိမ်းပြီးနောက် ဂီတနဲ့ ရုပ်ရှင် အနုပညာရှင်တွေ အများအပြား ဖမ်းဆီးခံခဲ့ကြရသလို တချို့ကတော့ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံရပြီးနောက် ပြည်ပကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာ လည်းဖြစ်ပါတယ်။ 

သီချင်းနားဆင်ရန်လင့်ခ်- https://youtu.be/WpuGFvlb-C4

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013