ဂွါတီမာလာနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဂွါတီမာလာစီးတီးမှာ ညလုံးပေါက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ကမ်းပါးတွေ ပြိုကျပြီး အနည်းဆုံး လူ ၆ ဦး သေဆုံးကာ ၁၃ ဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင်တွေက စက်တင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။
ဂွါတီမာလာစီးတီးကို ဖြတ်ပြီး စီးဆင်းသွားတဲ့ လာစ်ဗားကာ့စ်မြစ်ဟာ မြို့လယ်ရဲ့တောင်ဘက် ၃ ကီလိုမီတာအကွာရှိ ဧရိယာတခုကို မြစ်ရေလျှံသွားပြီးနောက်မှာ နေအိမ် ၆ လုံး မျောပါသွားခဲ့ကြောင်း ဂွါတီမာလာ အမျိုးသား သဘာဝဘေးအန္တရာယ် အေဂျင်စီ (CONRED) က ပြောပါတယ်။
“အမျိုးသားရဲတပ်ဖွဲ့ဟာ အယ်လ်နာရန်ဂျို တံတားအောက်က ဇုန် ၇ ဒီးအောစက်စ်ဖီးလ် ရပ်ကွက်မှာ အဖြစ်ဆိုးကြုံနေရကြောင်း မနက် ၂ နာရီလောက်မှာ အကြောင်းကြားလာလို့ ပထမဆုံး သွားရောက်တုံ့ပြန်ကူညီပေးခဲ့ရတယ်” လို့ ဂွါတီမာလာနိုင်ငံ အရပ်ဘက်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆေစာ မက်တေးယိုက ပြောပါတယ်။
အမှိုက်သရိုက် အညစ်အကြေးတွေနဲ့ ရေတွေ သယ်ဆောင်လာတဲ့ လာစ်ဗားကာ့စ်မြစ်ကြောင့် မြေပြိုကျပြီး အနည်းဆုံး နေအိမ် ၈ လုံး မျောပါသွားတယ်လို့ ဆိုပါတယ်။
အရွယ်မရောက်သေးသူတဦးနဲ့ အရွယ်ရောက်ပြီးသူ ၅ ဦးတို့ရဲ့ ရုပ်အလောင်း ၆ လောင်းကို ဆယ်ယူရရှိခဲ့ပေမဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ထပ်မံရှာဖွေကြဦးမှာဖြစ်ကြောင်း မြူနီစီပါယ်မီးသတ်ဌာနမှ စစ်ဆင်ရေးအကြီးအကဲ ဆာဂျီယို ကာဘားနက်စ်က ပြောပါတယ်။
စက်တင်ဘာ ၂၄ ရက် ညနေပိုင်း မိုးမရွာခင်က အခုမိုးရာသီ ဂွါတီမာလာမှာ ရေကြီးမှုကြောင့် အနည်းဆုံး လူ ၂၉ ဦး သေဆုံးခဲ့ကြောင်း သဘာဝဘေးလျော့ပါးရေး ညှိနှိုင်းရေးအဖွဲ့ (CONRED) က ပြောကြားထားပါတယ်။
Source/Photo-Reuters