တရုတ်နိုင်ငံကနေ ဗီဇာကင်းလွတ်ခွင့်နဲ့ စက်တင်ဘာ ၂၅ ရက်မှာ ရောက်လာတဲ့ ပထမဆုံးသော တရုတ်ဧည့်သည်တွေကို ထိုင်းဝန်ကြီးချုပ်သစ် ခွန်ဆေထာထဝီးဆင်နဲ့ ထိုင်းအကြီးတန်း အရာရှိတချို့တို့က ပန်းတွေနဲ့ ကြိုဆိုကြပြီး ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာရေးဟာ စီးပွားရေး ထိပ်တန်းဦးစားပေးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ရှန်ဟိုင်းမြို့ကလာတဲ့ တရုတ်ခရီးသွားဧည့်သည် ၃၄၁ ဦးဟာ တနင်္လာနေ့ မနက်ပိုင်းက သုဝဏ္ဏဘူမိလေဆိပ်ဆီ ဆင်းသက်ခဲ့တာမှာ ထိုင်းနိုင်ငံက နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြပြီး တရုတ်နိုင်ငံဆီက ခရီးသွားဈေးကွက် ပြန်အားကောင်းလာစေရေး ထိုင်းနိုင်ငံရဲ့ ဆန်းသစ်တဲ့ ကနဦးခြေလှမ်းနဲ့ အစပြုလိုက်တာပါ။
ထိုင်းဝန်ကြီးချုပ် ခွန်ဆေထာ ထဝီးဆင်က “ဒီကနေ့ ထိုင်းနိုင်ငံအတွက် အရေးပါတဲ့ နိုင်ငံတခုဖြစ်အောင် အစိုးရနဲ့ ဒီကလူတိုင်းက ပါဝင်ခဲ့ကြတယ်။ ဒီအစိုးရရဲ့ မူဝါဒတွေအရ စီးပွားရေးကို မြှင့်တင်ဖို့ နည်းလမ်းတွေ ပိုရှိလာမယ်လို့ မျှော်လင့်ပါတယ်” လို့ ခရီးသွား ကြိုဆိုပွဲအခမ်းအနားမှာ ပြောပါတယ်။
အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ စီးပွားရေးကို ခရီးသွားလုပ်ငန်းကနေတဆင့် မြှင့်တင်ဖို့ ထိုင်းဝန်ကြီးချုပ်ရဲ့ ကတိကဝတ်နဲ့အညီ တရုတ်ခရီးသည်တွေကို စက်တင်ဘာ ၂၅ ရက်ကနေ ၂၀၂၄ ဖေဖော်ဝါရီလကုန်အထိ ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်တယ်လို့ မကြာသေးမီက ကြေညာခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ (TAT) ရဲ့ နောက်ဆုံးအချက်အလက်တွေအရ အခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ စက်တင်ဘာ ၁၇ ရက်အထိ ထိုင်းနိုင်ငံအတွင်း တရုတ်ခရီးသည် ၂ ဒသမ ၃၄ သန်းကျော် ဝင်ရောက်ခဲ့ပေမဲ့ ၂၀၁၉ ခုနှစ် အလားတူကာလရဲ့ ၃၇ ရာခိုင်နှုန်းလောက်သာ ရှိနေခဲ့ပါတယ်။
တနှစ်ပတ်လုံး တရုတ်ဧည့်သည် ၄ ဒသမ ၀၁ မှ ၄ ဒသမ ၄ သန်းကြားဖြစ်လာဖို့ လက်ရှိ အရေအတွက်ကို နှစ်ဆတိုးဖို့ ထိုင်းအာဏာပိုင်တွေက မျှော်လင့်ထားပါတယ်။
Source/Photo-Reuters