စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ သိမ်တော်ရွာအနီးမှာ စက်တင်ဘာ ၂၄ ရက် မနက် ၈ နာရီ ၄၅ မိနစ်လောက်က စစ်ကောင်စီတပ်နဲ့ ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ ရေဦးမြို့ကနေ စတင်ထွက်ခွာလာတဲ့ စစ်ကြောင်းလည်း ဖြစ်တယ်လို့ သိရပါတယ်။
BNRA တာဝန်ရှိသူတဦးက “တိုက်ပွဲက ကျနော်တို့နဲ့ စစ်ကြောင်း ၃ နဲ့ ထိတွေ့တိုက်ပွဲဖြစ်တာ ဟုတ်ပါတယ်ဗျ။ စစ်ကောင်စီဘက်က အင်အား ၁၀၀ နဲ့ စစ်ကြောင်းထိုးလာတာဗျ။ အဲလိုစစ်ကြောင်းထိုးလာတာကိုသိလို့ ကျနော်တို့ ခုခံစစ်လုပ်နိုင်ဖို့ ကြိုတင်ပြင်ဆင်တာတွေ အရင်လုပ်တယ်။ စစ်ကြောင်းလည်း ကျနော်တို့ ပြင်ဆင်တဲ့နေရာကို ရောက်လာတာနဲ့ တိုက်ပွဲဖြစ် တော့တာပါပဲ။ ကိုယ့်ဘက်က ကျည်ကွယ်၊ မျက်ကွယ်နဲ့ လက်ဦးမှုပါယူပြီး ပစ်ခတ်နိုင်လို့ စစ်ကောင်စီစစ်ကြောင်းက ၃ ဦး သေဆုံးပြီး ၁၀ ဦးလောက် ထိခိုက်ဒဏ်ရာရသွားတယ်။ ကျနော်တို့ဘက်က အထိအခိုက်အကျဆုံးမရှိခဲ့ဘူ” လို့ ပြောပါတယ်။
တန့်ဆည်မြို့ပေါ်က စစ်ကောင်စီ စစ်ဆေးရေးဂိတ်အထိုင်စခန်း တိုက်ခိုက်ခံရပြီးနောက် ရေဦးမြို့၊ တန့်ဆည်၊ ကန့်ဘလူမြို့နယ်တို့ကို အခုလို စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပြီး ဒေသခံတွေလည်း စစ်ဘေးရှောင်နေကြရပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့၊ အလယ်ရပ်ကွက်မှာ အထိုင်ချထားတဲ့ ရဲနဲ့ ပျူစောထီးတချို့ ဗုံးပစ်တိုက်ခိုက်ခံရပြီး ၁ ယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ Golden Eagle Force-Monywa အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ရပ်ကွက်ရုံးနဲ့ အ.ထ.က (၁) နားမှာ အထိုင်ချနေတဲ့ ရဲနဲ့ပျူစောထီး တချို့ကို စက်တင်ဘာ ၂၅ ရက် ညနေ ၅ နာရီမှာ မုံရွာပြည်သူကာကွယ်ရေးအဖွဲ့က လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရပြီးနောက် ရဲနဲ့ပျူစောထီးတွေက သေနတ်နဲ့ ပစ်ခတ်ကာ အနီးနားဝန်းကျင်ကို အိမ်စီးကားတွေနဲ့ လှည့်ပတ်ရှာနေကြပေမဲ့ ရဲဘော်တွေ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။
ဗုံးပစ်တာကို Golden Eagle Force-Monywa၊ -၅/ဘခက်(မုံရွာ UG ပြောက်ကျားတပ်ဖွဲ့)၊ Ka Naung Min Thar Gyi(Monywa) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ ဆိုပါတယ်။