Home
မြန်မာသတင်း
ဂန့်ဂေါတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်၊ နေအိမ်မီးရှို့ပြီး ပြည်သူ ၆ ဦးအား ဖမ်းဆီး
DVB
·
September 25, 2023
GantGaw village fireby SAC2 25092023
GantGaw
Air Strike SAC Gant Gaw 25092023
GantGaw village fireby SAC 25092023

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်သာရွာအရှေ့တောင်ဘက် ဒေသအခေါ် ဝဖာတောအနီး တိုက်ပွဲမှာ စက်တင်ဘာ ၂၃ ရက်က စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ကန်ရွာနယ်မြေ ရဲစခန်းကနေ ထွက်ခွာစဉ် ‌စစ်‌ကောင်စီလာရာ ဝဖာတောမှာ ဂန့်ဂေါဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဂန့်ဂေါနယ် ပကဖတာဝန်ခံက “တိုက်ပွဲက မနက် ၁၁ နာရီကစပြီး ပြင်းထန်ခဲ့တာ။ နှစ်ဖက်ထိခိုက်မှုတော့ ရှိခဲ့တယ်။ ဂန့်ဂေါကာကွယ်ရေး ပူးပေါင်းတပ်ဘက်က ၃ ဦး ဒဏ်ရာရတယ်။ သူတို့ဘက်ကတော့ ထိခိုက်မှုတွေ ရှိနိုင်ပေမဲ့ အတည်မပြုနိုင်ခဲ့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေတဲ့ ဝဖာတောဘက်ကို ညနေ ၃ နာရီနောက်ပိုင်းမှာ မုံရွာ နမခက‌နေ ပျံသန်းလာတဲ့ Mi 35 တိုက်လေယာဉ်နဲ့ ၂ ကြိမ်တိုင် လေကြောင်း လာရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ လေကြောင်းပစ်ခတ်မှုနဲ့ တိုက်ပွဲတွေကြောင့် သာကောင်းရွာနဲ့အနီး ကျေးရွာ ၂ ရွာက ဒေသခံ ၂,၀၀၀ ကျော်ဟာလည်း‌ မောက်ရွာဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

လက်ရှိ ဂန့်ဂေါမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး ထိုးစစ်ဆင်နေပြီး လေကြောင်းပစ်ကူတွေ ခပ်စိတ်စိတ် အသုံးပြုနေပါတယ်။

ဂန့်ဂေါမြို့နယ်မှာပဲ စစ်တပ်က လူနေအိမ် ၇ လုံးကို မီးရှို့ပြီး ဒေသခံပြည်သူ ၆ ဦးကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့မှာ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်း (ပျူစောထီး) ကျေးရွာကနေ တောင်ခင်ရန်းကျေးရွာကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၁၅၀ ပါ စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအပြီးမှာ စစ်တပ်က တောင်ခင်ရန်းကျေးရွာနဲ့ အနီးဝန်းကျင် ကျေးရွာတွေကို ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံတွေကို ရိုက်နှက်ခဲ့ကာ ရွှေဘိုကျေးရွာက နွားလှည်း ၆ စီးကို စစ်ကောင်စီတပ်သားတွေက သိမ်းယူသွားတယ်လို့ သိရပါတယ်။

တောင်ခင်ရန်းကျေးရွာက ပြည်သူ့နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးသွားပြီး ဒေသခံပြည်သူ ၆ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံပြည်သူ ၆ ဦးဟာ တောင်ခင်ရန်းကျေးရွာက ၄ ဦးနဲ့ ရွှေဘိုကျေးရွာက ၂ ဦးဖြစ်ပြီး ဖမ်းဆီးခံရသူတွေရဲ့ သတင်းကိုတော့ မသိရှိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတဦးက “အဲ့ဒီစစ်ကြောင်းက ၂၁ ရက်နေ့ကတည်းက ရေသာရွာကို ဝင်စီးပြီး ပြည်သူတွေကို ရိုက်နှက်တယ်။ ၂၃ ရက် တိုက်ပွဲပြီးတော့ ရွှေဘိုရွာကို ဝင်စီးတယ်၊ တောင်ခင်ရန်းကို မီးရှို့ပြီး အခုတော့ မြောက်ခင်ရန်းဘက်ကို ပြန်ဆုတ်သွားပြီလို့ သိရတယ်” လို့ ပြောပါတယ်။

ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာမှာ ဒေသခံ ၃,၇၀၀ ကျော် နေထိုင်ကြပြီး စစ်ကောင်စီက အခုနှစ် မေလပိုင်းမှာ ပျူစောထီးကျေးရွာအဖြစ် သွတ်သွင်းတဲ့အတွက် ဒေသခံ ၃,၀၀၀ ကျော်က စစ်ဘေးတိမ်းရှောင်နေပြီး အသက်ကြီးရင့်သူတွေသာ ရွာမှာနေထိုင်ကြတော့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024