Home
နိုင်ငံတကာ
အီတလီ မာဖီးယားဂိုဏ်းခေါင်းဆောင် မက်စီနာ ဒီနာရို ကွယ်လွန်
DVB
·
September 25, 2023
Italy Mafia boss Messina Denaro_Reuters_25092023

နှစ်ပေါင်း ၃၀ ကြာ လွတ်မြောက်နေခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ဖမ်းဆီးခံခဲ့ရတဲ့ အီတလီ မာဖီးယားဂိုဏ်းခေါင်းဆောင် မတ်တေးယို မက်စီနာ ဒီနာရို ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ စက်တင်ဘာ ၂၅ ရက်က AFP သတင်းဌာနမှာ ဖော်ပြပါတယ်။

အသက် ၆၁ နှစ်အရွယ်ရှိ မက်စီနာ ဒီနာရိုဟာ အဖမ်းခံရချိန်မှာ ကင်ဆာရောဂါ ခံစားနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မကြာသေးတဲ့ ရက်သတ္တပတ်တွေမှာ ဒီမာဖီးယားခေါင်းဆောင်ရဲ့ ရောဂါအခြေအနေ ဆိုးရွားလာတာကြောင့် အကျဉ်းထောင်ကနေ ဆေးရုံတခုကို ပြောင်းရွှေ့ခဲ့ရတယ်လို့ သိရပါတယ်။

အီတလီအလယ်ပိုင်းက လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်မှာ မက်စီနာ ဒီနာရိုကို ရာဇဝတ်မှုများစွာနဲ့ ပြစ်ဒဏ်ချမှတ်ထားတာ ဖြစ်ပါတယ်။

အီတလီမီဒီယာတွေကတော့ သူ့ကို “နောက်ဆုံးသော Godfather - ဂိုဏ်းခေါင်းဆောင်” အဖြစ် ကင်ပွန်းတပ်လေ့ ရှိကြပါတယ်။

လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်က စီစီလီယန်ကျွန်းမြို့တော် ပါလာမိုရဲ့  ပုဂ္ဂလိကဆေးရုံ အပြင်ဘက်မှာ မက်စီနာ ဒီနာရိုကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာပါ။

ဒီမာဖီးယားခေါင်းဆောင်ရဲ့ ရောဂါအခြေအနေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ကို အသိမပေးခဲ့ဘူးလို့ ယူဆထားပေမဲ့လည်း သူ့ရဲ့ ဆေးမှတ်တမ်းတွေကတော့ အီတလီမီဒီယာတွေမှာ ပေါက်ကြားခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၀ နဲ့ ၂၀၂၂ ခုနှစ်တွေမှာ သူ့ရဲ့ အူမကြီးကင်ဆာအတွက် အမည်လွှဲနဲ့အတူ ခွဲစိတ်ကုသမှု ခံယူခဲ့တယ်လို့ သိရပါတယ်။

မက်စီနာ ဒီနာရို အနေနဲ့ အဖမ်းမခံရခင် လပိုင်းတွေမှာလည်း အတော်ကို ကျန်းမာရေး ဆိုးရွားခဲ့တယ်လို့ ပါလာမိုဆေးရုံရဲ့ ဆရာဝန်တဦးက လာ ရပ်ပူဘလီကာ သတင်းစာကို ဖြေဆိုခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024