မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ဘက်ကို ထပ်ဆင့်အင်တာနက်ပေးပို့တဲ့ စလောင်းနဲ့ ဆက်စပ်ပစ္စည်း ၇၆၆၈ ခုကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ထိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၂၃ ရက်က သိမ်းဆည်း ရမိပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့ သောင်ရင်းမြစ်အနီးရှိ လောင်းကစားရုံတွေနဲ့ အင်တာနက်နဲ့ ငွေလိမ်နေတဲ့လုပ်ငန်းတွေအတွက် မြဝတီတဘက်ကမ်း မဲဆောက်မြို့နယ်စပ်ကနေ ထပ်ဆင့်ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကိုသွယ်ပြီး အသုံးပြုနေသူတွေကို ထိုင်းရဲချုပ် နတ်ထော ဖရော့်စုထွန်းနဲ့ ဌာနဆိုင်ရာတွေပူးပေါင်းပြီး ဖမ်းဆီးလိုက်တာပါ။
ထိုင်းနိုင်ငံဘက်ကနေ အင်တာနက်လိုင်းတွေကို စလောင်းနဲ့ ထပ်ဆင့်ပေးပို့ကြရာမှာ အနည်းဆုံး ကီလိုမီတာ ၂၀ ဝန်းကျင်လောက်ထိ ပေးပို့နိုင်တာဖြစ်ပြီး ကာစီနို လောင်းကစားရုံတွေမှာ အင်တာနက်ကို ထိုင်းဆင်းမ်ကတ် အသုံးပြုကြတာဖြစ်ပါတယ်။
မဲဆောက်မြို့နယ် နေရာ ၂ ခုကနေ ထပ်ဆင့်စလောင်း ၃ ခုအပါအဝင် ဆက်စပ်ပစ္စည်း စုစုပေါင်း ၇၆၆၈ ခု တရားခံယူဆရသူ ထိုင်းလူမျိုး ၈ ဦးနဲ့ နိုင်ငံခြားသူ ၉ ဦး စုစုပေါင်း ၁၇ ဦးကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။
သူတို့ကို ထောင်ဒဏ် ၂ နှစ် နဲ့ဒဏ်ငွေ ဘတ် ၂၀၀၀၀၀ နဲ့ အရေးယူသွားမယ်လို့ ထိုင်းနိုင်ငံရဲချုပ်က မဲဆောက်ရဲစခန်းမှာ စက်တင်ဘာ ၂၃ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အလားတူ မြန်မာ-ထိုင်းနယ်စပ် ချင်းရိုင်းခရိုင်မှာလည်း လောင်းကစားမှာ အသုံးပြုတဲ့ ထပ်ဆင့်အင်တာနက် စက်ပစ္စည်း ၅ ခုနဲ့အတူ နေရာ ၄ နေရာမှာ တရားခံ ၂ ဦး ဖမ်းဆီးအရေးယူခဲ့ပါတယ်။