ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် စစ်ဖက်ရေးရာ လုံခြုံရေးတပ် (စရဖ)ရုံး ဟာ စက်တင်ဘာ ၂၅ မနက်က ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံက ပြောပါတယ်။
ဆိုင်းတောင်ကျေးရွာရှိ စစ်ကောင်စီရဲ့ စစ်ဖက်ရေးရာ လုံခြုံရေးတပ်(စရဖ)ရုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA )နဲ့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) တို့က သွားရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"မနက် ၄ နာရီလောက်က စရဖ ရုံးကိုဝင်တိုက်တာ။ KIA နဲ့ PDFတွေ ဝင်တိုက်နေတဲ့အချိန် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တယ်။ ထိခိုက်သေဆုံးမှုတော့ မသိရသေးဘူး။ ခုလက်ရှိအချိန်တော့ ပစ်ခတ်သံ မကြားရတော့ဘူး" လို့ဆိုင်းတောင်ကျေးရွာ ဒေသခံတဦးက ပြောပါတယ်။
KIAနဲ့ KPDF ပူးပေါင်းတပ်ဖွဲ့က စစ်ဖက်ရေးရာ လုံခြုံရေးတပ် (စရဖ)ရုံးကို ဝင်ရောက်တိုက်ခိုက် ခဲ့တဲ့အပြင် ဆိုင်းတောင်ရဲစခန်းကိုလည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
"စရဖ ရုံးနဲ့ ရဲစခန်းက တချိန်တည်း အပစ်ခံရတာ။ စရဖ ရုံးကို KIA၊ KPDF က တိုက်ခိုက်နေချိန် ဟိုဘက်ကိုလည်း ရဲစခန်းက ထွက်မလာနိုင်အောင် ထိန်းပြီး ပစ်ပေးထားတယ်။ ရဲတပ်ဖွဲ့ကလည်း အထိအခိုက်ရှိနိုင်တယ်။ စစ်တပ်ကတော့ လက်နက်ကြီးနဲ့ လှမ်းထုပေးတာပဲ" လို့ ဆိုင်းတောင် ကျေးရွာ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
စရဖ ရုံးနဲ့ ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဆိုင်းတောင်ကျေးရွာ အတွင်း လုံခြုံရေးအင်အားတိုးမြင့်ချထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်က ကချင်လွတ်မြောက်ရေးတပ် (KIA) က စစ်ကောင်စီရဲ့ ပန်းတင် စစ်ဆေးရေးဂိတ်ကို လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်သေဆုံးခဲ့ပါသေးတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်းက မြစ်ကြီးနား၊ ဆွမ်ပရာဘွမ်၊ ဖားကန့်၊ ဗန်းမော်၊ လိုင်ဇာ၊ ရွှေကူ စတဲ့မြို့နယ် နေရာအချို့မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIAတို့ စစ်ရေး တင်းမာနေပြီး ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေနေပါတယ်။