ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၃ ရပ်ကွက်၊ တပင်ရွှေထီး(တာဝါ)အနီးမှာ စက်တင်ဘာ ၂၅ ရက် မနက်ပိုင်းက လူနေအဆောင်တွဲ ၂ ခု မီးလောင်ခဲ့တာကြောင့် Level 1 အဆင့် မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။
မနက် ၄ နာရီ မိနစ် ၅၀ လောက်က မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ပေ၂၀ × ပေ၆၀ ရှိ လူနေအဆောင်တခုရဲ့ မီးစက်ကနေ အပူလွန်ကဲ မီးလောင်ခဲ့ရာက ဘေးကပ်ရက် အဆောင်တခုပါ ကူးစက်လောင်ကျွမ်းသွားတာ ဖြစ်ပါတယ်။
မြို့ခံကယ်ဆယ်ရေးအသင်းဝင်တဦးက “အဆောင်ဖွင့်ထားတဲ့နေရာက မီးစက်ကနေ လောင်တာ။ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်ထဲမှာပါ။ အဆောင်ကြီး ၂ ခုစလုံး မီးထဲပါသွားတယ်၊ လူထိခိုက်မိတာတော့ မရှိပါဘူး” လို့ ပေြာပါတယ်။
မီးတောက်အားကောင်းနေတာကြောင့် မနက် ၅ နာရီ ၁၀ မိနစ်မှာ Level 1 ယာဉ်အုပ်စုတွေနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး မီးလောင်တဲ့နေရာကို လှိုင်သာယာ(အရှေ့ပိုင်း)၊ အင်းစိန်၊ မရမ်းကုန်းမြို့နယ်တို့က မီးသတ်ယာဉ် ၇ စီးနဲ့ အရပ်ဘက်ကယ်ဆယ်ရေးအသင်း၊ ရေသယ်ယာဉ်တွေက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြပါတယ်။
မီးလောင်မှုကြောင့် ပျဉ်ထောင်အဆောင် ၂ ခုစလုံးနဲ့ အဆောင်ငှားနေထိုင်သူတွေရဲ့ ပစ္စည်းတွေ ပျက်စီးဆုံးရှုံးသွားကာ မနက် ၅ နာရီ မိနစ် ၂၀ မှာ မီးထိန်း၊ ၅ နာရီ ၂၂ မိနစ်မှာ မီးငြိမ်းသွားပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို လှိုင်သာယာမီးသတ်တပ်ဖွဲ့က တွက်ချက်နေဆဲ ဖြစ်ပါတယ်။