တရုတ်နိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၁၉ ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲရဲ့ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဥ်မှာ မြန်မာ ယူ-၂၄ အသင်းဟာ အိန္ဒိယ ယူ-၂၄ အသင်းနဲ့ တဂိုးစီ သရေကျပြီး နှစ်ပေါင်း ၅၀ နီးပါးအတွင်း ပထမဆုံးအကြိမ် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
အိန္ဒိယအသင်းအတွက် ဦးဆောင်ဂိုးကို ဝါရင့်ကစားသမားချက်ထရီက ပွဲချိန် ၂၃ မိနစ်မှာ ပင်နယ်တီကနေတဆင့် သွင်းယူခဲ့ပြီးတော့ မြန်မာအသင်းအတွက်ချေပဂိုးကို ရန်ကျော်ထွေးက ပွဲချိန် ၇၄ မိနစ်မှာ ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့ပါတယ်။
မြန်မာအသင်းဟာ အိန္ဒိယအသင်းကို သရေကစားပြီးနောက် အကောင်းဆုံး အုပ်စုတတိယနေရာနဲ့ ၁၆ သင်းအဆင့်သို့ ၁၉၇၄ နောက်ပိုင်း ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ပါတယ်။
အုပ်စုအတွင်း တခြားပွဲစဥ်ဖြစ်တဲ့ တရုတ်အသင်းနဲ့ ဘင်္ဂလားဒေ့ရှ်တို့ပွဲစဥ်မှာ ဂိုးမရှိ သရေကြခဲ့ပါတယ်။
အုပ်စု (က) မှာ တရုတ်အသင်းက ရမှတ် ၇ မှတ်နဲ့ အုပ်စုပထမ၊ အိန္ဒိယအသင်းက ရမှတ် ၄ မှတ် သွင်းဂိုးအသာနဲ့ အုပ်စု ဒုတိယ၊ မြန်မာအသင်းက ရမှတ် ၄ မှတ်နဲ့ အုပ်စုတတိယ၊ ဘင်္ဂလားဒေ့ရှ်က ရမှတ် ၁ မှတ်နဲ့ အုပ်စုနောက်ဆုံးနေရာမှာ ရပ်တည်ခဲ့ပါတယ်။
မြန်မာယူ-၂၄ အသင်းဟာ ၁၆ သင်းအဆင့်မှာ ဂျပန် ဒါမှမဟုတ် ပါလက်စတိုင်းအသင်းနဲ့ စက်တင်ဘာ ၂၈ မြန်မာစံတော်ချိန် ည ၆ နာရီမှာ ယှဥ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
Photo- MFF