တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားနေတဲ့ ဧရိယာထဲကို ဖိလစ်ပိုင်က ဝင်ပြီး ငါးဖမ်းလို့ မရအောင် တရုတ်ကမ်းရိုးတန်းစောင့်တပ်က ဖြုတ်လို့တပ်လို့ရတဲ့ အရံအတားတွေကို အရှင် တပ်ဆင်နေတယ်လို့ ဖိလစ်ပိုင်အစိုးရက စက်တင်ဘာ ၂၄ ရက်မှာ ပြောဆို စွပ်စွဲလိုက်ပါတယ်။
ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က ဖြန့်ချိတဲ့ ဗီဒီယိုဖိုင် ထဲမှာ စက်တင်ဘာ ၂၀ ရက်က ရေမျော အတားအဆီးတွေ နားမှာ တရုတ်ကမ်းခြေစောင့်သင်္ဘော အများအပြားကို ပြသထားပါတယ်။
ဖိလစ်ပိုင်အစိုးရ ကမ်းရိုးတန်းစောင့်တပ်၊ ငါးလုပ်ငန်းနဲ့ ရေနေအရင်းအမြစ်ဗျူရိုတို့က စက်ကားဘိုရို ရေတိမ်သောင်ခုံရဲ့ အစိတ်အပိုင်းပေါ်မှာ တရုတ်က အတားအဆီးတွေ တပ်ဆင်တာကို ပြင်းပြင်း ထန်ထန် ရှုတ်ချတယ်လို့ ကမ်းခြေစောင့်တပ်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး ဂျေး တယ်ရီယယ်လာက X ဆိုရှယ်မီဒီယာ ပလပ်ဖောင်းပေါ်မှာ ရေးသား ဖော်ပြခဲ့ပါတယ်။
မနီလာမြို့တော်က တရုတ်သံရုံးက မှတ်ချက် ပေးဖို့ တောင်းဆိုချက်တွေကို ချက်ချင်း အကြောင်း မပြန်ပါဘူး။
တောင်တရုတ်ပင်လယ်ရဲ့ ၉၀ ရာခိုင်နှုန်းကို ပိုင်တယ်လို့ တရုတ်နိုင်ငံက အခိုင်အမာ ပြောထားပြီး ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့ရဲ့ သီးသန့်စီးပွားရေးဇုန် ဧရိယာတွေနဲ့ နေရာ ထပ်နေလို့ အငြင်းပွားနေတာပါ။
တရုတ်ပြည်မကြီးအစိုးရဟာ ၂၀၁၂ ခုနှစ်မှာ စက်ကားဘရို ရေတိမ်သောင်ခုံကို သိမ်းပိုက်ခဲ့ပြီး ဖိလစ်ပိုင်မှ ငါးဖမ်းသမားတွေကို ငါးအရနည်းတဲ့ ပိုဝေးတဲ့နေရာဆီ ငါးသွားဖမ်းဖို့ ဖိအားပေးခဲ့ပါတယ်။
Source/Photo-Reuters