ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့က ဆောက်လက်စ ပုဂ္ဂလိကဆေးရုံ တိုက်အမြင့် အပေါ်ကနေ ဒီမနက်ပိုင်းမှာ အမျိုးသား ၁ ယောက် ပြုတ်ကျ သေဆုံးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တွေဆီက သိရပါတယ်။
ရွာဘဲရပ်ကွက်၊ ဦးဝင်းမြစက်လမ်းမှာရှိတဲ့ သံလွင်ဆေးရုံ အနောက်ဘက် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ မတော်တဆပြုတ်ကျခဲ့ပြီး ခြံစည်းရိုးသံတိုင်တွေ လည်ပင်းဖောက်ထွက် ဒဏ်ရာနဲ့ သေဆုံးခဲ့တာလို့ ဆိုပါတယ်
ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ရွာဘက်က ပန်းရံလာလုပ်တဲ့ ဦးလေးလို့ ပြောတယ်။ အလုပ် လုပ်နေရင်း ခြေချော်ကျတာ။ အောက်မှာရှိတဲ့ ခြံစည်းရိုး သံတိုင်က လည်ပင်းဖောက်ထွက်သွားတာ။ အလောင်းပုံစံမပျက်အောင် ခက်ခက်ခဲခဲနဲ့ ထုတ်ယူခဲ့ရတယ်” လို့ ပြောပါတယ်။
မတော်တဆ တိုက်ပေါ်က ပြုတ်ကျသေဆုံးသူဟာ ဆည်ကြီးဆွဲရွာက အသက် ၅၉ နှစ်အရွယ် ဦးမျိုးကိုကိုအောင်ဖြစ်ပြီး သေဆုံးရုပ်အလောင်းကို မြို့ခံ ခေတ္တရာလူငယ်များ သာရေးနာရေးကူညီမှုအသင်းနဲ့ ပရဟိတ ပါရမီ အသင်းတို့က ပြည်မြို့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။