တရုတ်နဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ခိုင်မာတဲ့ အိမ်နီးချင်း ဆက်ဆံရေးဟာ ချစ်ကြည်ရင်းနှီးမှု ထူထောင်ရေး နဲ့ မျှဝေထားတဲ့ အနာဂတ် အသိုက်အဝန်း တည်ဆောက်ရေး တရုတ်ရဲ့ သံတမန်ရေး မူဝါဒသင်္ကေတပဲလို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က ကမ္ဘောဒီးယား ဘုရင် နိုရိုဒွန် သီဟာမိုနီနဲ့ တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ စက်တင်ဘာ ၂၃ ရက်က တွေ့ဆုံ ပြောကြားခဲ့ပါတယ်။
ကမ္ဘောဒီးယားဘုရင်ဟာ စနေနေ့ညနေပိုင်းမှာ ဖွင့်လှစ်မယ့် ၁၉ ကြိမ် မြောက် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တက်ဖို့ တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် မြို့တော် ဟန်ကျိုးမှာ ရောက်နေတာပါ။
အခုနှစ်ဟာ တရုတ်နှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၆၅ နှစ် မြောက်ဖြစ်ပြီး တရုတ်-ကမ္ဘောဒီးယား ချစ်ကြည်ရေးနှစ်ဖြစ်ပါတယ်။
ဒီနှစ်ထဲမှာ ကမ္ဘောဒီးယားဘုရင် သီဟာမိုနီနဲ့ ၂ ကြိမ်တွေ့ဆုံတာဟာ နှစ်နိုင်ငံအကြား မိသားစု တစုလို လေးနက်တဲ့ ချစ်ကြည်ရင်းနှီးမှုကို ဖော်ညွှန်းတာလို့ ရှီက ပြောပါတယ်။
ဟန်ကျိုးနဲ့ ကျဲ့ကျန်းပြည်နယ်က တခြား မြို့ကြီး ၅ မြို့မှာ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပတဲ့ ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို အောက်တိုဘာ ၈ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။
Source/Photo-Reuters