ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နယ်စပ်မြို့မှာ မနေ့မနက်ပိုင်းက ဓားပြ တိုက်နေသူတွေကို ရဲတွေက လိုက်လံပစ်ခတ်ခဲ့ပြီး ၂ ယောက်ကို အသေ၊ ၂ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အုပ်စုဖွဲ့ ဓားပြတိုက်နေသူတွေလို့ ဒေသခံတွေကပြောပြီး အဲဒီအဖွဲ့က ၁ ယောက် လွတ်မြောက်သွားသလို အချင်းချင်းပစ်ခတ်မိလို့ ရဲတယောက်လည်း ဒဏ်ရာရသွား ပါတယ်။
ဒေသခံတယောက်က “မန့်ဝိန်းလမ်း။ သင်္ချိုင်းကုန်းသွားတဲ့ လမ်းဘက်လေ။ ဓားပြကို လိုက်ပစ်တာ။ အသေဖမ်းမိတာရော ရှိတယ်” လို့ ပြောပါတယ်။
ဓားပြတွေဟာ ခိုးလာတဲ့ ကားကိုမောင်းလာချိန် ရဲတွေက လိုက်လာပြီး မန့်ဝိန်း ၂ လမ်းမှာ လိုက်လံပစ်ခတ် ဖမ်းဆီးတာမှာ အပြန်အလှန် ပစ်ခတ်ခဲ့ကြတာပါ။
ရဲ ၁ ယောက်က ရှေ့ထွက်ပြီး ဓားပြတွေကို လိုက်ပစ်နေချိန်မှာ နောက် ရဲ ၁ ယောက်က ကားကနေထွက်လာပြီးပစ်လိုက်လို့ ရှေ့ကရဲရဲ့ လက်မှာလည်း ထိသွားတယ်လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
မူဆယ်မြို့ပေါ်မှာတော့ ခြံဝန်းထဲ သော့ခတ်ထားတဲ့ ကားတွေပါ မကြာခဏ ခိုးခံရပြီး လိုင်စင်ကားတွေလည်း မကြာခဏ ပျောက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မူဆယ်မှာ မူယစ်ဆေးဝါးမျိုးစုံ ဖောဖောသီသီရနိုင်သလို လောင်းကစားရုံတွေလည်း ရာချီရှိနေပြီး အာဏာသိမ်းပြီး နောက်ပိုင်းကစလို့ ခိုးမှု၊ လုယက် သတ်ဖြတ်မှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုတွေ ပိုမို ဖြစ်ပွားလာနေတာပါ။