မွန်ပြည်နယ်၊ သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၁၈ နှစ်မပြည့်သေးသူ မိန်းကလေး ၁ ဦးကို စစ်ကောင်စီက PDF တွေနဲ့ဆက်သွယ်တယ်ဆိုပြီး စက်တင်ဘာ ၂၂ ရက်က ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဆိုရှယ်မီဒီယာမှာ နိုင်ငံရေးနဲ့ ပက်သက်တဲ့ အချက်အလက်တွေ မျှဝေတယ်ဆိုကာ နေအိမ်အနီးမှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပြီး သူမလက်ကိုင်ဖုန်းကို စစ်ဆေးကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) နဲ့ ဆက်သွယ်တယ်ဆိုပြီး မြို့နယ်ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
မြို့ခံတဦးက "ကလေးဆိုတော့လည်း ဖေ့ဘွတ်ခ်မှာ သူများတင်တာတွေကို ရှယ်မိတာ။ အသက်က ၁၈ နှစ်တောင် ပြည်ဖို့ လပိုင်းလိုသေးတယ်။ နည်းနည်းပါးပါး မာန်မဲပြီး ပြောလည်းရတာကို ဖမ်းသွားကြတယ်။ ပုဒ်မတက်ပြီး အရေးယူမယ်လို့ သိရတယ်။ မိသားစုတွေတော့ စခန်းလိုက်သွားကြတယ်။ ပြန်တော့ လွတ်မပေးသေးဘူး။"
မသန်းသန်းအေး (ခ) အေးချမ်းမေကို ပုဒ်မ ၅၀၅-က နဲ့ အရေးယူနိုင်ဖို့ သထုံမြို့မ ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၅ ရက်ကလည်း သထုံမြို့မဈေးအတွင်းရှိ လင်းလက် စတိုးဆိုင်ပိုင်ရှင် လင်မယား ၂ ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။