ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြိုနယ်၊ ခလယ်တံခွန်တိုင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့် (BGF) ပူးပေါင်းစစ်ကြောင်းကို ဗုံးသီးအလုံး ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Cloud Wings ဒရုန်းတပ်ဖွဲ့က စက်တင်ဘာ ၂၃ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၁၆ ရက်စတင်ပြီး ၂၂ ရက်အထိ တပတ်တာတိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) ဦးဆောင်ပြီး နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ-SOF နဲ့ အတူ Cloud Wings ဒရုန်းတပ်ဖွဲ့က ၈၁ မမ၊ ၆၀ မမ အစရှိတဲ့ ဗုံးသီးအလုံးပေါင်း ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နယ်ခြားစောင့် (BGF) တပ်ဖွဲ့ဝင်တွေက ကား ၈ စီးနဲ့ သယ်ဆောင်ကာ မော်လမြိုင်ကုတင် ၃၀၀ စစ်ဆေးရုံကို သယ်ဆောင်သွားတယ်လို ဆိုပါတယ်။
ဒရုန်းတွေဟာ အကြိမ်ပေါင်းများစွာ စစ်ဆင်ရေးဆောင်ရွက်ခဲ့တာကြောင့် ဒရုန်း ၁ စင်း စစ်ဆင်ရေးလုပ်နေတုန်း ပျက်ကျပြီး စစ်ကောင်စီတပ်ရဲ့ ကောက်ယူသိမ်းဆည်းခံခဲ့ရတယ်လို့ Cloud Wings ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ကိုငြိမ်းက ပြောပါတယ်။
“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့တိုက်ခိုက်ရာမှာ ကိုယ့်လိုချင်တဲ့ ရန်သူပစ်မှတ်ကို တိတိကျကျ တိုက်ခိုက်နိုင်တယ်။ ဒရုန်းတွေနဲ့ ဒီစစ်ဆင်ရေးကာလမတိုင်ခင်မှာ လပေါင်း ရက်ပေါင်းများစွာ မနားတမ်းချတယ်။ အကြိမ်ပေါင်းများစွာပျံသန်းရတော့ ဒရုန်း ၁ စင်း ပျက်စီးဆုံးရှုံးခဲ့ရတယ်။ ဒရုန်းက တန်ကြေးပေါင်းများစွာတန်တယ်။”
လက်ရှိအချိန်မှာ စစ်ကောင်စီစစ်ကြောင်းဟာ ခလယ်တံခွန်တိုင်ရွာအတွင်း ဝင်ရောက်တပ်စွဲနေပြီး စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းဖျက်ဆီးကာ အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ယူဆောင်သွားခဲ့တဲ့အပြင် ဒေသခံရွာသားတွေကိုပါ ဖမ်းဆီးရိုက်နှက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က မြေပြင်လက်နက်ကြီးအပြင် လေကြောင်းကပါ ပစ်ကူပေးပစ်ခတ်ခဲ့တာကြောင့် ခလယ်၊ တံခွန်တိုင်၊ မြို့ဟောင်း၊ ခလယ်ရွာလေး၊ နောင်းဒေ့၊ ပုလိန်၊ နန်းသိုင်းထွန်ကျေးရွာက ဒေသခံပြည်သူ ၁၅၀၀၀ ကျော် ဒီကနေ့အထိ ထွက်ပြေးတိမ်းရှောင်နေရပြီး နေထိုင်စားသောက်ရေး အခက်အခဲ ရင်ဆိုင်နေရပါတယ်။