ဆီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းရှိ ဆွေးဒါမြို့မှာ လူအုပ်ကြီးဟာ စက်တင်ဘာ ၂၂ ရက်မှာ စုရုံးခဲ့ကြပြီး ဘာရှာအယ်လ်အာဆတ် အစိုးရကို ပွင့်ပွင့်လင်းလင်း ဝေဖန်ဆန္ဒပြခဲ့ကြပါတယ်။
သောကြာနေ့က ဆန္ဒပြပွဲတွေမှာ ရောင်စုံ ဒရုဇ် အလံကို ကိုင်ဆောင်ထားတဲ့ လူရာပေါင်းများစွာဟာ ဆွေးဒါမြို့ရဲ့ ကာရာမာရင်ပြင်မှာ စုဝေးခဲ့ကြပါတယ်။
စီးပွားရေး ပြိုလဲမှုဒဏ်ကို ခံစားနေရတဲ့ ပြည်သူတွေအပေါ် တင်းမာမှုဖြစ်စေတဲ့ နောက်ဆုံး စီမံချက် အဖြစ် လောင်စာဆီ ထောက်ပံ့ကြေးတွေ ဖယ်ရှားလိုက်တဲ့အပေါ် ဩဂုတ်လလယ်မှာ ဆန္ဒပြပွဲတွေ စတင် လာခဲ့ပြီးကတည်းက ဆွေးဒါမြို့မှာ သမ္မတ အာဆတ်အပေါ် ဝေဖန်မှုတွေ ကြီးထွားလာ ခဲ့ပါတယ်။
နှစ်ရှည်လများ ဝိုင်းပယ်ခံရပြီး ပြင်းပြင်းထန်ထန် ပိတ်ဆို့ အရေးယူမှုတွေကို ကြုံနေရတဲ့ သမ္မတ အာဆတ်ဟာ အခုသီတင်းပတ်အတွင်းမှာ တရုတ်နိုင်ငံကို ရောက်ရှိနေပြီး ဆယ်နှစ်ကျော်လောက် သံတမန်ရေးအရ အထီးကျန်မှုကနေ လွတ်မြောက်ဖို့ ကြိုးပမ်းနေပါတယ်။
ဆီးရီးယားနိုင်ငံရဲ့ လူနည်းစု ဒရုဇ် လူမျိုးရေး ဘာသာရေးအုပ်စု အများစုနေထိုင်ရာ ဆွေးဒါမြို့ဟာ ပြည်တွင်းစစ် ကာလတလျှောက် အစိုးရ လက်ထဲမှာ ရှိနေခဲ့ပြီး တခြားနေရာတွေမှာ ကြုံတွေ့ နေခဲ့ရတဲ့ အကြမ်းဖက်မှုတွေကနေ လွတ်ကင်းနေခဲ့ပါတယ်။
Source/Photo-Reuters