Home
နိုင်ငံတကာ
စစ်ရာဇဝတ်မှု အထောက်အထားများ ရုရှားဟက်ကာများ ရယူရန် ကြိုးစားနေဟု ယူကရိန်း ပြော
DVB
·
September 23, 2023
0000000000

ရုရှားသူလျှိုတွေဟာ ယူကရိန်းရှိ ဥပဒေစိုးမိုးရေးအေဂျင်စီတွေရဲ့ ကွန်ပျူတာစနစ်တွေကို ပစ်မှတ်ထား ဖောက်ထွင်းမယ့် ဟက်ကာတွေကို အသုံးပြုနေပြီး ရုရှားစစ်ရာဇ၀တ်မှုတွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို ဖော်ထုတ်ရယူဖို့ ကြိုးပမ်းနေကြောင်း ယူကရိန်း ဆိုက်ဘာကာကွယ်ရေးဦးစီးချုပ်က စက်တင်ဘာ ၂၂ ရက်မှာ ရိုက်တာသတင်းဌာနကို ပြောကြား ခဲ့ပါတယ်။ 

ရုရှားရဲ့ ပြည်ပ၊ ပြည်တွင်းနဲ့ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး အေဂျင်စီတွေမှာ အလုပ်လုပ်ကိုင် နေတဲ့ ဟက်ကာတွေဟာ ယူကရိန်း အစိုးရရှေ့နေချုပ်ရုံးနဲ့ စစ်ရာဇ၀တ်မှုတွေကို မှတ်တမ်းတင် ထားတဲ့ ဌာနတွေကို ပစ်မှတ်ထားပြီး ဒစ်ဂျစ်တယ်ကျူးကျော်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာကြကြောင်း ယူကရိန်း အထူးဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် ကာကွယ်ရေးဌာန (SSSCIP)ရဲ့ အကြီးအကဲ ယူရီး ရှချီဟိုလ်မှ ပြောပါတယ်။

ရုရှားဟက်ကာတွေဟာ အစိုးရအဖွဲ့အစည်းတွေကို ပစ်မှတ်ထားပြီး သူတို့ရဲ့ အီးမေးလ်ဆာဗာတွေကို ဝင်ရောက်ခွင့်ရရှိဖို့ ဦးစားပေးလုပ်ဆောင်ခဲ့တယ်လို့ ရှချီဟိုလ်က ရှင်းပြခဲ့ပါတယ်။

ရုရှားဟက်ကာတွေဟာ တာဝေးပစ် ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေရဲ့ ရလဒ်ကို စောင့်ကြည့်ဖို့ ယူကရိန်း အတွင်းရှိ လျှို့ဝှက် လုံခြုံရေးကင်မရာတွေကို ဝင်ရောက်နေတဲ့ အထောက်အထားတွေကို သူ့ဌာနက  တွေ့ရှိခဲ့ကြောင်း ရှချီဟိုလ် က ပြောပါတယ်။

"ဒီလှုပ်ရှားမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ သတ်မှတ်ထားတဲ့ အဖွဲ့တွေဟာ ရုရှားရဲ့ စစ်ထောက်လှမ်းရေးရုံးချုပ် GRU နဲ့ ဖက်ဒရယ်လုံခြုံရေးဌာန FSB ထောက်လှမ်းရေး အေဂျင်စီတွေရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်" လို့ ရှချီဟိုလ်က ပြောပါတယ်။

လုံခြုံရေးစိုးရိမ်မှုတွေကို ကိုးကားပြီး ဟက်ကာကင်ပိန်းမှာ ဘယ်ယူနစ်တွေကို ပစ်မှတ်ထားခဲ့ ကြောင်း ရှချီဟိုလ်မှ ငြင်းဆိုခဲ့ပါတယ်။ 

ရိုက်တာဟာ  ရှချီဟိုလ်ရဲ့ အစီရင်ခံစာမှာ အသေးစိပ် ဖော်ပြထားတဲ့ ဟက်ကာတွေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။ 

ရုရှားနိုင်ငံခြားရေးဌာနနဲ့ ဖက်ဒရယ်လုံခြုံရေးဌာန(FSB) တို့ဟာ မှတ်ချက်ပေးဖို့ ရိုက်တာမှ စာနဲ့ရေးသားတောင်းဆိုမှုတွေအပေါ် ချက်ချင်း တုံ့ပြန်ခြင်း မရှိပါဘူး။ 

ရုရှားရဲ့ GRU စစ်ထောက်လှမ်းရေး အေဂျင်စီကို မှတ်ချက်ပေးဖို့ ဆက်သွယ်လို့ မရပါဘူး။

တိုက်ပွဲဖြစ်ပွားနေတဲ့ ယူကရိန်းနိုင်ငံမှာ ဆိုက်ဘာကာကွယ်ရေးကို ကိုင်တွယ်နေတဲ့ SSSCIP ရဲ့ တနင်္လာနေ့မှာ ထုတ်ပြန်မယ့် အစီရင်ခံစာမှာ သူလျှိုလှုပ်ရှားမှုကို ဖော်ပြထားမှာဖြစ်ပါတယ်။

ရိုက်တာက ကြည့်ခွင့်ရတဲ့ အစီရင်ခံစာ မိတ္တူမှာတော့ ဟက်ကာတွေဟာ ယူကရိန်းမှာ ဖမ်းဆီးခံ ထားရတဲ့ ရုရှားနိုင်ငံသားတွေရဲ့ ထောက်လှမ်းရေးအချက်အလက်တွေကို စုဆောင်းဖို့ ကြိုးစားနေပြီး သူတို့တွေကို တရားစွဲခံရမှာကို ရှောင်ရှားပြီးတော့ ရုရှားကို ပြန်ပို့ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင် နေကြောင်း ဖော်ပြထားပါတယ်။ 

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024